သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ပေါ်မှ ဒေသခံများစစ်‌ဘေးရှောင်နေစဥ် လူနေအိမ်အများပြား ဖောက်ထွင်းခံရ


  • ရေးသူ: Web Master (NN 03,NN 25)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မြို့မစျေးကြီး မီးလောင်သွားသည့်နေ့မှစ၍ မြို့ခံများ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားပြီး နောက်ပိုင်းတွင် မြို့ပေါ်ရှိ နေအိမ်အများအပြား ဖောက်ထွင်းခံလိုက်ရသည်ဟု သိရသည်။

“ဒီနေ့ ကျနော့်သားကို ဒီဇင်ဘာ စာမေးပွဲဖြေဖို့အတွက် မြို့ပေါ်ကို လာပို့တာ။ မနက် ၆ နာရီကျော်လောက်က အိမ်ရောက်တယ်။ အိမ်ရောက်တော့ ၂၁ လက်မ TV နှစ်လုံးရယ်၊  Laptop တစ်လုံးရယ်၊ တခြားကွန်ပျူတာ တစ်စုံရယ်နဲ့ ဆန်တစ်အိတ်ခွဲ မရှိတော့ပါဘူး။ ကျနော်တို့ မီးလောင်တဲ့နေ့ကတည်းက ရွာတစ်ရွာကို ပြေးသွားကြတာ” ဟု နေအိမ်ဖောက်ထွင်းခံလိုက်ရသည့် သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့မစျေးကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဆိုင်ခန်းပေါင်း ၃၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည့်နေ့တွင် မြို့ပေါ်မှ ဒေသခံအားလုံးနီးပါးခန့်သည် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ပေါက်တောမြို့ကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခဲ့ကြသည်။

“မီးလောင်တဲ့နေ့က ကောလာဟလတွေ ထွက်တယ်။ တစ်နာရီအတွင်း မြို့က ထွက်ကြဆိုပြီးတော့။ ဒါ့ကြောင့် ကျမတို့လည်း ဘာမှမယူနိုင်ဘဲ ထွက်ပြေးသွားခဲ့ကြရပါတယ်။ ရှေ့မှာ ပေါက်တော ဖြစ်စဥ်တွေကို မြင်ထားကြတော့ ကြောင့်ကြ ကြတယ်။ အသက်ထက် တစ်ခုမှ တန်ဖိုးမရှိဘူးဆိုပြီး ကိုယ့်အသက်ကိုကိုယ် တန်ဖိုးထားလို့၊ စိုးရိမ်ကြလို့ ထွက်ခွာကြတယ်။” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နေအိမ်မှ ထွက်ပြေးသွားကြပြီးနောက် ပုဏ္ဏားကျွန်းမြို့ခံများသည့် ယခုရက်ပိုင်းအတွင်း မြို့ပေါ်သို့ ဝင်ရောက်လာကြသည့်အချိန်တွင် နေအိမ်အများစုမှာ ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

“အခုက ဟိုအိမ်လည်း ဖောက်ခံရတယ်။ ဒီအိမ်လည်း ဖောက်ခံရတယ် ကြားနေရတယ်။ စံပြဘက်တို့၊ ရွာဟောင်းပိုင်းဘက်တို့မှာ အများဆုံးဖောက်ခံရတယ်ကြားတယ်”ဟု ပြောသည်။


နောက်ထပ် နေအိမ်ဖောက်ထွင်းခံရသူတစ်ဦးက “ကျနော်တို့မှာတော့ တန်ဖိုးကြီး ပစ္စည်းတွေ ပါမသွားဘူး။ ဆန်တွေ၊ ဆီတွေ လောက်ပဲပါသွားတယ်။ ကျန်တာတွေတော့ ယူမသွားဘူး”ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များဖြစ်သည့် စံပြရပ်ကွက်၊ ရွာဟောင်းပိုင်းရပ်ကွက်၊ အလယ်စုရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့ရှိ နေအိမ်တချို့တို့ ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး တချို့နေအိမ်များ ဖောက်ထွင်းခံရ၊ မခံရကို မြို့ပေါ်သို့ လူအများစု ပြန်မလာကြသေး၍ မသိရဟု မြို့ခံတစ်ဦးကဆိုသည်။

“အခုက မြို့ပေါ်ကို ၃ ပုံ ၁ ပုံ လောက်ပဲ ပြန်လာကြသေးတယ်။ နေ့ဘက်ဆိုရင်တော့ လူစည်တယ်။ ညဆိုရင် ဘယ်သူမှ မတွေ့တော့ဘူး၊ တိတ်ဆိတ်နေတယ်။ အိမ် ဘယ်လောက် ဖောက်ထွင်းခံထားရတယ်ဆိုတာ မပြောနိုင်ဘူး။ တချို့တွေက အိမ်ပြန်မလာကြသေးတော့လေ” ဟုပြောသည်။

မြို့ခံများ စစ်‌ဘေးရှောင်နေကြသည့်အချိန်တွင် ယခုကဲ့သို့ နေအိမ်များကို ဖောက်ထွင်းပြီး စားကုန်များနှင့် တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်းမှာ မဖြစ်သင့်သည့် ကိစ္စဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးစေလိုသည်ဟု နေအိမ်ဖောက်ထွင်း ခံလိုက်ရသူတစ်ဦးက ဆိုသည်။

“အခု‌ဖောက်ထွင်းကြတော့ စိတ်မကောင်းဖြစ်ကြရတာပေါ့။ ရခိုင်ပြည်မှာ ဒီလောက်ဒုက္ခဖြစ်လို့ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပြီးသွားကြရတာမှာ။ နောက် ကိုယ့်လူတွေထဲက သူခိုးတွေလို့တစ်မျိုး။ ကိုယ်ချင်းစာစိတ်မရှိဘဲ လုပ်ကြတယ်။ သူတို့တွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ။ မြို့က လူတွေပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စဥ်းစားပေးစေချင်တယ်။ ဒါမှလည်း အိုးအိမ်ကို စွန့်ခွာပြီးသွားကြရတဲ့သူတွေအနေနဲ့လည်း စိတ်ဖြောင့်မယ်”ဟုဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှ ‌ဒေသခံများနှင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ ဒေသခံများနှင့်ကျေးရွာသားများထွက်ပြေးနေသည့်အချိန်တွင် အဆိုပါ လူနေအိမ်များမှ စားသောက်ကုန်များနှင့် ပစ္စည်းများ ခိုးယူဖောက်ထွင်းခံနေရသည်များလည်း ရှိနေသည်။(NN-3 and NN-25)

ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ် သတင်းများ