တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5.2k

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်မဟာသုံးဖွဲ့က (၅၃)ရက်မြောက် တိုက်ပွဲသတင်းများနှင့်အတူထုတ်ပြန်သည်။

ယနေ့ဒီဇင်ဘာလ ၁၈ ရက်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၈) နာရီ (၁၃) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲကျွန်း ပေါ်ရှိ ရမ်းဗြဲမြို့၏တောင်ဘက် မီတာ (၂၀၀) ကျော်ခန့်အကွာအဝေးရှိ အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရုတ်ချည်းရင်ဆိုင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်မှ စစ်သင်္ဘော၊ ဒရုန်းများဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သကဲ့သို့ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

ယနေ့မနက်ကတိုက်ပွဲမှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရမ်းဗြဲကျွန်းပေါ်၌ ပထမဆုံး တိုက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်နေ့လယ် (၁၂:၀၀) အချိန်ခန့်ကလည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှင့် စစ်ရဟတ်ယာဉ် (၂) စီးတို့သည် ရမ်းဗြဲမြို့နှင့် အနီးအနားရှိ ကျေးရွာများသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်တွင်းမှ နေအိမ်အချို့နှင့် ဆီဆိုင်တန်း မီးလောင်ပျက်စီးခဲ့ရကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေဖြင့် လာရောက်ပစ်ခတ်မှုအတွင်း လောင်းချောင်း ရပ်ကွက်မှ ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦးမှာ ကျည်စ ထိမှန်၍ သေဆုံးခဲ့ကာ ၎င်းရပ်ကွက်မှပင် အရွယ်မရောက်သေးသော မိန်းကလေး (၂) ဦး အပါအဝင် ညောင်ပင်လှကျေးရွာမှ အမျိုးသား (၁) ဦးမှာလည်း အလားတူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် စစ်ရေးနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသော အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ မတရားသဖြင့် ဖမ်ဆီးနှိပ်စက်ခြင်းများကိုလည်း ယခင်ရက်များနည်းတူ ထမ်မံကျူးလွန်လျက်ရှိသည်ဟုဖော်ပြထားသည်။

စစ်ကောင်စီသည် စစ်ဘက်နှင့် မသက်ဆိုင်သော အရပ်သားပြည်သူလူထုများ၏ စားနပ်ရိက္ခာ၊ ဆေးဝါးများကို ၎င်းတို့စစ်စခန်းချရာ စစ်ဆေးရေးဂိတ်များမှနေ၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ခြင်း၊ အစားအစာ၊ ဆေးဝါးနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို အတင်းအဓမ္မလုယူခြင်း စသည်တို့ကိုလည်း ယခင်ထက်ပိုမို လုပ်ဆောင်လာသည်များကို ထင်ရှားစွာ တွေ့မြင်နေရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။(NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!