တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း အရပ်သား အမျိုးသမီး ၆ ဦးသေဆုံး၊ ၄၂ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 403

(သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကိုယ်ဝန်သည်တစ်ဦးစီပါဝင်)


ရခိုင်တွင် ယခုဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း အရပ်သား အမျိုးသမီး ၆ ဦးသေဆုံးပြီး ၄၂ ဦး ဒဏ်ရာရသွားကြပြီဟု နိရဥ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။ ယခုစာရင်းမှာ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ကောက်ယူထားသည့်စာရင်းဖြစ်သည်။ ထိခိုက်သေဆုံးသွားသူများမှာ ကလေးများ၊ မိန်းကလေးငယ်များ၊ သက်ကြီးများနှင့် ကိုယ်ဝန်သည်များလည်းပါဝင်သည်။


ရခိုင်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက "ကျမတို့အမျိုးသမီးတွေက ရှောင်ရ၊ တိမ်းရတဲ့အခါ အမျိုးသားတွေလောက် လုံခြုံမှုမရှိသလိုခံစားရတယ်။ ပြီးတော့ ကလေးမိခင်တွေဆို ကလေးတွေနဲ့မို့ တော်တော့်ကို အခက်အခဲဖြစ်ရပါတယ်"ဟု ပြောသည်။ သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကိုယ်ဝန်သည်တစ်ဦးစီပါဝင်သည်။ သေဆုံးသွားသည့်ကိုယ်ဝန်သည်သည် ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်းတွင် စစ်ဘေးလာရှောင်သည့် အသက် ၄၀ အရွယ် ဒေါ်မဌေးဝင်းဖြစ်သည်။

သူမ တည်းခိုနေသည့်နေအိမ်အတွင်း ဒီဇင်ဘာလ ၆ ရက်၊ ည ၈ နာရီခန့်က မီးဖွားစဉ် ကိုယ်ဝန်အဆိပ်တက်မှုကြောင့် မိခင်နှင့်ကလေးပါ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒိုးတန်းရွာဟောင်းမှ ရပ်မိရပ်ဖတစ်ဦးက နိရဥ္စရာကို ပြောဆိုထားသည်။

"မမွေးနိုင်တော့ ဆေးရုံကိုခေါ်သွားမလို့ လုပ်သေးတယ်။ ဒါပေမယ့် မပို့လိုက်ရဘူး။ ကိုယ်ဝန်အဆိပ်တက်သွားတယ်လို့လည်းပြောတယ်" ဟုပြောသည်။ သူမသည် အဆိုပါဒိုးတန်းရွာဟောင်းတွင် မိသားစုနှင့်အတူ စစ်ဘေးလာရှောင်နေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဟု သိရသည်။ရခိုင်တွင်တိုက်ပွဲစဖြစ်သည့်နောက်ပိုင်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုရှိသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီ မပို့လိုက်နိုင်ဘဲ အသက်ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်သည်။

အလားတူ ဒဏ်ရာရသွားသည့် ကိုယ်ဝန်သည်သည် မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာမှ ကိုယ်ဝန် ၉ လရှိပြီဖြစ်သော ဒေါ်လှစိန်ဝင်း(၂၂) နှစ်ဖြစ်သည်။ မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နခခ(၅)တပ်ရင်းက ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီခန့်တွင် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ရွှေရင်အေးကျေးရွာ၌ လက်နက်ကြီးကျည် ၂ လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သူမ၏ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်သည်။

အလားတူ ယခုတကျော့ပြန်တိုက်ပွဲအတွင်း နိရဥ္စရာက ဒီဇင်ဘာ ၇ ရက်အထိ ကောက်ယူထားသည့်စာရင်းအရ အရပ်သား အမျိုးသား ၁၈ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာသွားပြီဟု သိရသည်။ ယခုစာရင်းအရ အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်းသေဆုံးသူ ၂၄ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၀ အထိ ရှိနေကြောင်း သိရသည်။ သူတို့ထဲတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခံခဲ့ရသူ အများဆုံးပါဝင်ပြီး စစ်ကောင်စီထောင်ထားသော မိုင်းကိုနင်းမိသူများလည်း ပါဝင်သည်။

တစ်ဘက်တွင်လည်း ရခိုင်တွင် ယခုတကျော့ပြန်ကာလအတွင်း ဒီဇင်ဘာလ ၅ ရက်အထိ အရပ်သားသေဆုံးသူ ၂၉ ဦးနှင့် ဒဏ်ရာရသူ ၁၁၀ ရှိသွားပြီဟု ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။ ယင်းအထဲတွင် အမျိုးသမီးနှင့် အမျိုးသားဦးရေကို ခွဲခြားပြောဆိုခြင်းမရှိပေ။ ယခုတကျော့ပြန်ကာလအတွင်း စစ်ဘေးရှောင်ဦးရေဆိုလျှင် ၂ သိန်းနီးပါးအထိရှိသွားပြီဟုလည်း ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရီး ပူးပေါင်းအဖွဲ့(Arakan Responders For Emergency)က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ မောင်တော၊ မင်းဗြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တွေမှာ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ဒေသခံဒုက္ခသည် ၂၆,၁၇၅ ယောက် တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။




ဆက်စပ် သတင်းများ