တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲတိုင်း အရှုံးနှင့်ရင်ဆိုင်နေသည့် စစ်ကောင်စီသည် AA ကိုမကျေနပ်ရာမှ မူးယစ်ဆေးဝါးနှင့် စွပ်စွဲကာ မဟုတ်မမှန်သတင်းထုတ်ပြန်လာဟုဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

တိုက်ပွဲတိုင်း အရှုံးနှင့်ရင်ဆိုင်နေရပြီး ရက္ခိုင့်တပ်တော် (AA) ကို စစ်မြေပြင်တွင် တိုက်မနိုင်ရာမှ မကျေနပ်ဖြစ်နေသာ စစ်ကောင်စီသည် မဟုတ်မမှန်သတင်းထုတ်ပြန်ကာ လူထု အယုံအကြည်မဲ့စေရန်  ရက္ခိုင့်တပ်တော်အား  မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စွပ်စွဲလာခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ  ဦးခိုင်သုခက ပြောဆိုသည်။

“ ဒါကတော့ဗျာ စစ်ရေးရှုံးနိမ့်နေတဲ့  စစ်ကောင်စီက သူခိုးက လူပြန်ဟစ်တဲ့  လုပ်ရပ်သာဖြစ်ပါတယ်။ သတင်းကို ဖတ်ကြည့်လိုက်ကတည်းက ဒီသတင်းက လုပ်ကြံရေးသားထားတယ်ဆိုတာ လူတိုင်း သဘောပေါက်နိုင်ပါတယ်။ ဒါက ကျနော်တို့အဖွဲ့နဲ့ လုံးဝ လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာ အသိ ပေးလိုပါတယ်” ဟု ရက္ခိုင်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ငွေကျပ် ၅၁ ဒသမ ၈၇ဘီလီယံ တန်ဖိုးရှိ အိုက်စ်( မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ နှင့်အတူ AA အဖွဲ့ဝင်များပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိဟု နောက်ကျောမျက်နှာဖုံးတွင် သတင်းဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီပိုင် သတင်းစာတွင် ရက္ခိုင့်တပ်တော်အား မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး  စွပ်စွဲရေးသားထားခြင်းနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခအား နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ထိုသို့ တုံ့ပြန်ပြောခြင်းဖြစ်သည်။ 

“ စစ်ကောင်စီဟာ မြေပြင်မှာ  စစ်ရေးရှုံးနိမ့် နေတဲ့ အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖွဲ့ဖြစ်တဲ့  ULA/AA ကို နိုင်ငံရေး အောက်လမ်းနည်းနဲ့  ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ  ဖြန့်ဝေနေခြင်း ဖြစ်တယ်။ မူးယစ်ဆေးဝါးတွေရဲ့ ပိုင်ရှင်အစစ်ကလည်း အကြမ်းဖက် စစ်ကောင်စီပဲ ဖြစ်ပါတယ်။ ဒီမူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်သူ့စစ်ဒေသတွေမှာ သူတို့ကိုယ်တိုင် ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားနဲ့လူကုန်ကူးမှုအားလုံးဟာ အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့်  ၂၀၁၈/၂၀၁၉/၂၀၂၀ စစ်ပွဲကာလများအတွင်းကလည်း စစ်တပ်ဘက်က အကျအရှုံး များလာလျှင် ယခုကဲ့သို့ မူးယစ်ဆေးဝါး အကြောင်းပြ စွပ်စွဲမှုများလုပ်ခဲ့ဖူးသည်ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးကိစ္စ၊ အွန်လိုင်းအလောင်းကစားရာဇဝတ်မှု၊ ငွေကြေး ခဝါချမှု၊ လူကုန်ကူးမှု စသည့် ရာဇဝတ်မှုများအားလုံး၏ ပဲ့ကိုင်ရှင်မှာ ရာဇဝတ်ဂိုဏ်းချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်နှင့် အပေါင်းအပါ ဗိုလ်ချုပ်ကြီးများသာဖြစ်ပြီး တရုတ်နိုင်ငံ အစိုးရနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ပြီး ဖမ်းဆီးသင့်သည့် အချိန် ရောက်နေပြီဟုလည်း ဦးခိုင်သုခက ပြောဆိုသည်။

စစ်ကောင်စီပိုင် သတင်းစာတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် မြို့ကြီးကျေးရွာ အနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိနှင့် မမေဦးကိုကို(ခ) မေဦးကြည်လင်တို့လိုက်ပါလာသည့် ALPHARD ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ် အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန် ရွှေပြည်သာမြို့နယ် (၁)ရပ်ကွက် ပုလဲလမ်းတွင် သိမ်းဆည်းရမိကြောင်း၊   အိုက်စ်များ သယ်ဆောင်ရာ၌ AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ)နောနော်(ခ)ကျော်စိုးနှင့်ဒုဗိုလ် အဆင့်ရှိ စိုးထွန်းတို့ပူးပေါင်းပါဝင်ပြီး ALPHARD ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေပြည်သာမြို့နယ် (၁)ရပ်ကွက် ကနောင်မင်းသား ကြီးလမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ် အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချို အား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ည ၇ နာရီတွင် ဇော်မင်းထွေး(ခ)သန်းဝင်းနှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှ တို့ကို အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။

ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် သိမ်းဆည်းရမ် အိုက်စ်များကို ရန်ကုန်မြို့တွင် လက်ရှိပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး(ခ) ဦးလှဝင်းအား တောင်ငူမြို့ အမှတ် (၁၁) ရပ်ကွက်ရှိ ဟိုတယ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာ ၇ရက်နံနက် ၁၀ နာရီတွင် တောင်ဥက္ကလာမြို့နယ်(၉)ရပ်ကွက်မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX ယာဉ်ပေါ်မှ အိုက်စ် ကီလို ၁၁၄၀ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းကီလို ၈၀၀ ဆက်လက် သိမ်ဆည်း ရမိခဲ့သည် ဆိုသည်။

ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင်လည်း ကမာရွတ်မြို့နယ်ဆင်မလိုက် သင်္ဘောကျင်း၌  စိုးပိုင်(ခ) စိုးစိုး၊ဌေးလင်းဇော်၊ ကျော်ဌေးစိုး AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိကျော်လင်း ဆန်းနှင့် တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ခြောက်ဦးကို ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်သည့် တနင်္သာရီ(၁) အမည်ရှိ သံမှိုကုန်တင်သင်္ဘောတစ်စင်းနှင့်အတူ ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားထားသည်။

စိတ်ပြောင်းဆေးဝါးဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန် ကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း သို့ သယ်ဆောင်ပြီး ပင်လယ် ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ် ရာတွင်အသုံးပြုသည့် ထိန်းချုပ်တု ပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကိုဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းကို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။  (NN-7)

ဆက်စပ် သတင်းများ