တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူသို့ ဟင်းသီးဟင်းရွက်လာရောင်းသူ ရွာသား ၅ ဦး စစ်ကောင်စီကဖမ်းဆီးပြီး ဒဏ်ငွေ ၂ သောင်းစီရိုက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ တစ်ဝမ်းတစ်ခါးအတွက်ဟင်းသီးဟင်းရွက်လာရောက်ရောင်းချသည့်ကျေးရွာတစ်ခုမှအမျိုးသမီး ၄ ဦး အပါဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး တယောက်ကိုဒဏ်ငွေ ၂ သောင်းကျပ်ရိုက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ဒဏ်ငွေရိုက်ခံရသည့် ဈေးသည်များမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ အောင်စေတီ ကျေးရွာမှ ဒေါ်မကျော့စိန်(၆၀)နှစ်၊ ဒေါ်ခင်မြသန်း(၄၆)နှစ်၊ ၊ ဒေါ်မတင်ဝေ(၅၀)နှစ်၊ ဒေါ်ခင်အေးကြည်(၆၁)နှစ်၊ ဦးမောင်သိန်းမြင့်(၄၅)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

၄င်းတို့အား  ဒီဇင်ဘာလ ၁၉ ရက်မှာပင်  ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးတင်ပြီး မည်သည့် ပြစ်မှုမှ မရှိဘဲ တရားသူကြီးက တစ်ယောက်ကို ဒဏ်ငွေ ၂ သောင်းကျပ်စီရိုက်ကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

" အောင်စေတီက မနေ့က ဖမ်းခံခဲ့ရတဲ့သူတွေအကုန်လုံးပြန်လွတ်နေပါပြီ။ တစ်ယောက်ကို ဒဏ်ငွေ ၂ သောင်း ရိုက်ခံရပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ " ဟု နိရဥ္စရာသို့ပြောသည်။

အောင်စေတီကျေးရွာသား ၆ ဦးမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်၊ မနက် ၅ နာရီအချိန်ခန့်က ဟင်းသီးဟင်းရွက် ရောင်းချရန် ကျောက်ဖြူမြို့သို့လာရောက်စဉ် ကျောက်ဖြူလေယာဉ်ကွင်းအနီး ကင်းလှည့်သွားနေသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကျေးရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ပြည်သူလူထုအတွင်း  အငတ်ဘေးကျရောက်အောင် တမင်ပြုလုပ်နေပြီး သာမာန် ဟင်းသီးဟင်းရွက် ရောင်းချသူများကိုပါ ဖမ်းဆီးပြီး ဒဏ်ရိုက်ကာ အပြစ်ပေးနေခြင်း ဖြစ်သည်ဟု ကျောက်ဖြူက လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မနက်ပိုင်းကလည်း ဂုံးချွိန်ကျေးရွာမီ စျေးရောင်းချနေသူ
ဒေသခံ (၆) ဦး၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ စျေးရောင်းချနေသူ (၁၃) ဦးတို့အား ကျောက်ဖြူလေယာဉ်ကွင်း အနီး စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကြောင်းသိရသည်။

ရခိုင်ကျေးလက်ရွာများမှ ဒေသခံပြည်သူများမှာ မိမိတို့ရွာများမှထွက်ရှိသည့် ဟင်းရွက်သီးနှံများကို မြို့ပေါ်တက်ပြီး ရောင်းချမှ ဝင်ငွေရရှိကြပြီး အဆိုပါဝင်ငွေဖြင့် အခြေခံစားသောက်ကုန်များကို ပြန်ဝယ်ယူနေကြရခြင်း ဖြစ်သည်။

ယခုကဲ့သို့ မြို့ပေါ်တက်ဈေးရောင်းခွင့်ကို စစ်ကောင်စီကပိတ်ဆို့တားမြစ်ပြီး ဖမ်းဆီးဒဏ်ရိုက်မှုများ ပြုလုပ်နေ၍ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေး အလွန်ကျပ်တည်းနေကြောင်း နိရဥ္စရာသို့ပြောသည်။

ဂုံးချွိန်အုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက" ရွာကလူတွေဟာ အခုအရမ်းဒုက္ခရောက်နေကြပါတယ်။ ရွာကနေမြို့ကိုလည်းလုံးဝသွားလို့မရဘူး။ရောင်းချဖို့ သွားရင်လည်းဖမ်းတယ်ဆီးတယ်။ ရွာမှာ နေမကောင်းရင်သောက်ဖို့ သောက်ဆေးတောင်ဝယ်လို့မရတော့ဘူး" ဟု ပြောသည်။(NN-23)

ဆက်စပ် သတင်းများ