ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

တောင်ကုတ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားသည့် စစ်သား၆ဦးကို ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် မိုင်းဆွဲခံရ၍ ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ ၆ဦးကို ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်အရ သိရသည်။

တောင်ကုတ်မြို့နယ် မုတ်ရွာနှင့် တပျော့အကြားတွင် ဒီဇင်ဘာ ၁၈ ရက် ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် သံတွဲဘက်မှ တောင်ကုတ်သို့လာသည့် အင်အား (၅၀) ခန့်ပါရှိသော အိမ်စီးကားတစ်စီးနှင့် စစ်ကား (၂) စီးကို ရက္ခိုင့်တပ်တော်(AA)မှ  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်

 စစ်တပ်နှင့် နီးစပ်သူ ဒေသခံတစ်ဦးက  " ဒဏ်ရာကတော့ ၆ယောက်ရတယ်။ ပြင်းထန်တယ်လို့ သိရတယ်။ လေယာဉ်နဲ့ခေါ်သွားတာ။ နောက်ဆုံးသတင်းရတာက မင်္ဂလာဒုံ စစ်ဆေးရုံကို ယူသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်လို့ညတွင်းချင်းယူသွားတာ" ဟုပြောသည်။

ဒဏ်ရာရရှိသည့် စစ်ကောင်စီ ‌၆ ဦးကို ဒီဇင်ဘာ ၁၈ ရက် ညဥ့် ၁၁နာရီ ကျော်ခန့်က ရဟတ်ယာဉ်ဖြင့် ‌ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။




သို့သော်လည်း အဆိုပါ ဒဏ်ရာရသူ ၆ ဦးအား မင်္ဂလာဒုံ စစ်ဆေးယူဆောင်သွားသည့် သတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်း၍ မရသဖြင့် သီးခြားအတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။

အဆိုပါနေ့က မိုင်းကွဲသံနှင့် သေနတ်ပစ်ခတ်သံများကို တောင်ကုတ်မြို့ပေါ်ကပါ ကြားခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း  တောင်ကုတ်တပ်ဦးကျောင်းတောင်နှင့် ချောင်းကောက် တောင်ထက်မှနေ၍  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

အဆိုပါလက်နက်ပစ်ခတ်မှုကြောင့် ရွှေပန်းတောရွာနှင့် နှစ်မိုင်ခန့်ဝေးသည့်နေရာတွင် လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်းသိရသည်။(NN-11) 


ပုံစာ- ရွှေပန်းတောရွာအနီး ကျရောက်ခဲ့ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကိုတွေ့ရစဉ်။

ဆက်စပ် သတင်းများ