ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီကပေးသည့် ဂယက်လှိုင်း နှင့် တစ်ကိုယ်တော်မိခင်တစ်ဦး၏ ရင်ဖွင်သံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 210

နိရဉ္စရာဆောင်းပါး

ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့်နောက်ပိုင်း စစ်ပွဲ၏နောက်ဆက်တွဲ ပြသနာများကို ရင်ဆိုင်ကြုံတွေ့နေရသည့် အရပ်သားပြည်သူ အများအပြားရှိပါသည်။ ထိုကဲ့သို့ စစ်ဒုက္ခပင်ပန်းဆင်းရဲမှုကို ရုန်းကန်လှုပ်ရှားရသူများတွင် တစ်ကိုယ်တော်မိခင်များလည်း အပါအဝင်ဖြစ်သည်။ ပုံမှန်မိစုံဖစုံဖြင့် မိသားစုတာဝန်များကို ယူနေရသည့် သူများပင် မလွယ်ကူသည့် အခြေအနေများကြုံတွေ့နေရသည့်အခြေအနေတွင် တစ်ကိုယ်တော်မိခင်များလည်း ဘဝရပ်တည်ရေးအတွက် မိသားစုဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေကြရပါသည်။ 


တစ်ကိုယ်တော်မိခင်ဆိုတာကတော့ အိမ်ထောင်မှုမပြုခင် (သို့မဟုတ်)  အိမ်ထောင်ပြုပြီးနောက်တွင်  အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ဖက် ဘဝလက်တွဲဖော်နှင့်  မရည်ရွယ်ဘဲ လက်တွဲဖော်မပါဘဲ သားသမီးများကို တစ်ကိုယ်တည်း သတ္တိရှိရှိ အရာရာရင်ဆိုင်၍ အာဂမိခင် ဘဝကိုရွေးချယ်ပြီး “တစ်ကိုယ်တော်မိခင်” ဆိုသည့် ဂုဏ်ပုဒ်ကို လက်ခံထားသည့် အမျိုးသမီးများပင်ဖြစ်သည်။ 


တစ်ကိုယ်တော်မိခင်တစ်ဦးက “လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘဲ ရပ်တည်ခဲ့ရတယ်။ ဒါပေမဲ့ မိသားစုအထောက်အပံ့တွေကြောင့် အကူအညီရခဲ့ပြီးတော့ ဘဝတစ်ခုကို စတင်နိုင်ခဲ့တယ်။ ဒါပေမဲ့လည်း မနားမနေ ကြိုးစားရုန်းကန်ရတာပေါ့နော်၊ ကလေးတစ်ယောက်ကြီးပြင်းဖို့အတွက် ဘယ်လောက်ထိ ရပ်တည်ရလဲဆို တော့။  စားဝတ်နေရေး၊ ကျန်းမာရေး၊ ကျောင်းတက်ဖို့အရွယ်ရောက်လာရင်လည်း ကျောင်းစရိတ်က အစပေါ့နော်။ ပူပင်သောကတွေနဲ့ ရုန်းကန်ကြိုးစားရတယ်” ဟုပြောသည်။ 


သို့သော်လည်း ဘဝကိုအရှုံးမပေးဘဲ သမာအာဇီဝကျကျနှင့် လုပ်ကိုင်စားသောက်ပြီး သားသမီးမျက်နှာ မညိုးနွမ်းရလေအောင် သူရဲကောင်းတစ်ဦးကဲ့သို့ ရှေ့ကမားမားမတ်မတ် ရပ်တည်နေပြီး၊ မိမိ၏သားသမီးအတွက် ကျန်းမားရေး၊ စားဝတ်နေရေး၊ ပညာရေးစသဖြင့် ဝေယျာဝစ္စများကို တစ်ကိုယ်တည်း တာဝန်ယူနေရသည့် မိခင်များအဖို့ ယနေ့ခတ်တွင် စစ်ရေးနောက်ဆက်တွဲကြောင့် အလွန်တရာပင် ခက်ခဲနေကြရသည်ဟု သူက ဆက်ပြောသည်။ 

“ကိုယ်ကအခုအခြေအနေတစ်ခုကို ရုန်းကန်လို့ ဖြစ်လာတော့မယ်လို့ ထင်ထားတဲ့အချိန်မှာ နိုင်ငံရေး အခြေအနေ စစ်ရေးနောက်ဆက်တွဲကြောင့် အခက်အခဲ ကြုံလာရပြန်တယ်။ ကိုဗစ်ကြောင့်လည်း အခက်အခဲရှိခဲ့တာတစ်မျိုး။ တစ်ယောက်တည်းရပ်တည်နေရတာဆိုတော့ မလွယ်ကူတဲဘဝဖြစ်လာတာပေါ့နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တောင် ပေါက်တယ် တစ်ခါတစ်လေဆိုရင်လေ။ ဒါပေမဲ့ သမီးလေးတစ်ယောက်မျက်နှာကြောင့် ပြန်အားတင်းထားတယ်။ နောက်မဆုတ်ပဲ ကြိုးစားရမယ်လို့ အားတင်းထားတယ်” ဟုပြောသည်။ 

လက်ရှိစစ်ရေးအနေအထားအရ မည်သည့်အလုပ်ကိုပင် လုပ်လုပ်အဆင်မပြေသည့်အတွက်ကြောင့် သူမအဖို့ဘဝကို မည်သို့ပင်ရပ်တည်ရမည်မသိအောင် လမ်းပျောက်နေသည်ဟုလည်း ၎င်းကပြောသည်။ နောက်ထပ်တစ်ကိုယ်တော်မိခင်တစ်ဦးက တစ်ကိုယ်တော်မိခင်ဘဝရောက်ရှိပြီးနောက်ပိုင်း သူမ၏မိခင် ဖြစ်သူသည် ဆိုင်တစ်ခုတွင်ထမင်းဆိုင် ရောင်းနေရာတွင် ဝိုင်းကူလုပ်ပေးရင်း စားဝတ်နေရေးအတွက် ရပ်တည်နေသည်။ သို့သော်လည်း မိမိဘဝကို အရှုံးမပေးဘဲ စက်ချုပ်ဆိုင်တစ်ဆိုင်တွင် ထမင်းဆိုင်မှအပြန် နေ့တစ်ဝက်တွင် အလုပ်သင်နှင့်ဝင်ရောက်သင်ယူပြီး၊ အနည်းငယ်တတ်ကျမ်းသာသည့်အချိန်မှာပင် စက်ချုပ်ဆရာမ၏ အလုပ်ကို လစာဖြင့်ဝိုင်းကူလုပ်ခွင့်ရရှိခဲ့သည်။ “အမေနဲ့ ထမင်းဆိုင်မှာ နေ့တစ်ဝက်ရောင်းပေးတယ်။ ပြီးရင်စက်ဆိုင်သွားတယ်။ လစာက ကြည့်ပေးတယ်ပေါ့နော်။ သားလေးတစ်ယောက်ကလည်း ကျောင်းတက်နေပြီးဆိုတော့ ကျွန်မ မနိုင်ရင် အိမ်ကမိသားစုတွေက လိုအပ်တာကို ဝိုင်းဖြည့်ဆည်းပေးတယ်” ဟုပြောသည်။ 

သို့သော်လည်း လက်ရှိတွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း သူမလုပ်ကိုင်နေသည့် စက်ဆိုင်တွင်လည်း အဝတ်ချုပ်အပ်နှံသူများနည်းပါးလာသောကြောင့် လစာဖြင့်မရရှိတော့ဘဲ နေ့စား အနေဖြင့် အလုပ်အပေါ်မှာ မူတည်ပြီးရရှိလာသလို၊ သူမ၏မိခင်ဖြစ်သူထမင်းဆိုင်တွင်လည်း ရောင်းအားများကျဆင်းလာပြီး အမြတ်အစွမ်းများ မရှိသလောက်ဖြစ်လာ၍ နောက်ပိုင်းတွင် အခက်အခဲများ ကြုံတွေ့နေရကြောင့် သူမကပြောသည်။


“ထမင်းဆိုင်ရောင်းဖို့ထွက်ရင်လည်း သုံးဘီးဖို့က ဈေးကြီးတောတစ်မျိုး။ ဝယ်စားမယ့်သူ နည်းလာတာတစ်မျိုး။ ဆီ၊ ဆား၊ ငရုပ်၊ အသားတွေ အကုန် ဈေးတက်တော့လေ ရောင်းချရတာမကောင်းဘူး။ စက်ဆိုင်ကဆရာမကလည်း အခုဆိုရင် ရက်ချင်းပဲ ကြည့်ပြီးပေးတယ်။ တစ်နေ့နဲ့ တစ်နေ့နဲ့ မတူဘူး။ တွက်ချက်နဲ့ နှမ်းထွက်နဲ့က မကိုက်ဘူးလေ ” ဟုပြောသည်။


စစ်ကောင်စီက ရန်ကုန် - စစ်တွေကားလမ်းကို ပိတ်ပင်ထားသလို မြို့နယ်ချင်းဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း ပိတ်ပင်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်လာခြင်းနှင့် စက်သုံးဆီများ မြှင့်တက်လာခြင်း အစရှိသည့်ကုန်ဈေးနှုန်းပြဿနာ၊ လုံခြုံရေး ယိုယွင်းမှု ပြဿနာများကို အသက်အရွယ် မရွေး၊ လူတန်းစားမရွေး၊ အနည်းအများ ထိုပြဿနာများကို အရပ်သားပြည်သူများခံစားနေရပါသည်။  

ဆက်စပ် သတင်းများ