သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ စစ်ကောင်စီတပ်မှ ညအချိ​န် ပစ်ခတ်မှုများ ပြုလုပ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 912

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်စစ်ကောင်စီတပ်များမှယနေ့ညအချိန် လက်ငယ်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း မြို့ခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့ဒီဇင်ဘာလ ၂၀ ရက်၊ ည ၇ နာရီခွဲလောက်ကစတင်ပစ်ခတ်ခြင်းဖြစ်ပြီး ၈ နာရီ ၁၉ မိနစ်အထိ စက်သေနတ်သံကဲ့သို့ လက်နက်ကြီး ပစ်ခတ်သံ ၁၇ ချက်နှင့် တခြား လက်နက်ငယ်ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း ကျောက်ဖြူမြို့မှ အမျိုးသမီးငယ်တစ်ဦးကပြောသည်။

" အသံအကျယ်ကြီး ၁၇ ချက်လောက်ကြားရပါတယ်။ ခုနစ်နာရီခွဲလောက်စပြီးကြားရတာ။ သေနတ်ပစ်သံတွေလည်း ကြားရတယ်" ဟုပြောသည်။

ကျောက်ဖြူမြို့ရှိ ခမရ ၅၄၂ ဗျူဟာကုန်း၊ ငလပွေ့ရပ်ကွက်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်၊ အစိုးရနည်းပညာကောလိပ် GTC တောင်ကုန်းပေါ်မှ စစ်ကောင်စီတပ်တို့မှ ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။

" ၅၄၂ ဗျူဟာကုန်းရယ်။ ၅၄၂ အောက်ဘက်မှာရှိတဲ့ GTC တောင်ပေါ်ကစစ်ကောင်စီတပ်ရယ်။ ငလပွေ့မှာ လုံခြုံရေးယူထားတဲ့ စစ်တပ်က ပစ်တာလို့ သိရပါတယ်" ဟု သူကပြောသည်။

ကျောက်ဖြူမြို့တွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီအနေဖြင့် မည်သည့်အတွက် ပစ်ခတ်သည်ကို မသိရှိရကြောင်း ၊ ယခုကဲ့သို့ ညအချိန်ပစ်ခတ်မှုများပြုလုပ်၍ မြို့နေလူထုကို စိုးရိမ် ကြောက်လန့်စေကြောင်း နိရဥ္စရာသို့ပြောဆိုကြသည်။

ကျောက်ဖြူမြို့ကိုလည်း ရခိုင်တိုက်ပွဲစတင်ကတည်းက စစ်ကောင်စီတပ်ကပိတ်ဆို့ထားပြီး မြို့ပေါ်သို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည် အမျိုးသမီးများပါမချန် ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်နှင့် ထိစပ်နေသော ပင်လယ်မြစ်ကမ်းတစ်လျှောက်တွင် ၂၀၂၄ ဖေဖော်ဝါရီလ ၁၉ ရက်အထိ အမိန့်တစ်စုံ တစ်ရာမရရှိဘဲ ဟွန်ဒါစက်လှေသွားလာခြင်း၊ ငါးဖမ်းဆီးခြင်း၊ ကမ်းဝေး ငါးဖမ်းလှေများ သွားလာကမ်းကပ်ခြင်းနှင့် မြစ်ကမ်းတစ်လျှောက်ဆိပ်ကမ်းနေရာများတွင် ဝိုင်းဖွဲ့သောက်စားခြင်းများ ၂၄ နာရီပတ်လုံးမပြုလုပ်ရဟုဒေသန္တရအမိန့်ကိုလည်း ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။(NN-23)

ဆက်စပ် သတင်းများ