၇ခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့၊မြို့သူကြီးအခြေစိုက်နယ်ခြားစောင့်တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် ရွှေရင်အေးကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသွားပြီးဆိတ် ၄ကောင် သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူမှာညောင်ချောင်းအုပ်စု၊ ရွှေရင်အေးကျေးရွာမှအသက် ၄၀ကျော်အရွယ်ဒေါ်တင်တင်လှဖြစ်ပြီး ဘယ်ဖက်ဒူးနားတွင်ဒဏ်ရာရရှိသွားကာယနေ့နံနက်ပိုင်းက သူမအား မောင်တောမြို့မ ဆေးရုံကြီးသို့ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်၇သည်ဟု ဒေသခံများကပြောသည်။
ရွှေရင်အေးကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးက " မနေ့ကမနက်မှာ တိုက်ပွဲဖြစ်တယ်။ ည ၁၁နာရီကနေ ည တစ်နာရီ၊နှစ်နာရီ နီးပါးလောက်ထိ လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခဲ့တယ်။ အဲဒီမှာ၇ွာထဲမှာရှိတဲ့ အဒေါ်က ဗုံးခိုကျင်းကိုသွားပုန်းတဲ့အချိန်မှာ လက်နက်ကျည်စ ထိသွားတယ်" ဟုပြောသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နောက်ထပ် အိမ်တစ်ဆောင်တွင် မွေးမြူထားသည့် ဆိတ် ၄ကောင်သေဆုံးခဲ့သည်ဟု ဆိတ်မွေးသည့် အိမ်မှ အမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။
" ဆိတ်က ကိုယ်ခြံထဲမှာမွေးထားတာပါ။စိတ်မကောင်းပါဘူး။ အိမ်ကရွာပြင်နားမှာရှိတယ်။ ဒါပေမယ့်အိမ်နားမှာ လက်နက်ကြီးကျည်ကျည်ခဏခဏ ကျရောက်တာတွေရှိတော့ကျွန်မတို့က ရွာထဲကိုဝင်အိပ်တာပါ။ ရွာထဲမှာလည်းလူတွေသိပ်မရှိဘူး။မနက်မိုးလင်း ရွာပြင်က အိမ်ကိုသွားကြည့်တော့ ကျည်စတွေထိမှန်ပြီး ဆိတ်တွေ သေနေတာကို တွေ့၇ပါတယ်" ဟုပြောသည်။
ယမန်နေ့ဒီဇင်ဘာ ၂၂ တစ်ရက်လုံး လက်နက်ပစ်ခတ်သံကြားခဲ့၇ပြီး ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် နေ့လယ်ပိုင်းထိ လက်နက်ကြီးပစ်ခတ်သံများကိုမကြား၇သေးဟု ဒေသခံများကပြောသည်။
ယမန်နေ့ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန်ခန့်တွင်လည်း မောင်တောမြို့၊ မြို့သူကြီး၊ နခခ (၅) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြိုနယ်၊ ဗောဓိကုန်းရွာ၏ မြောက်ဘက်မီတာ (၇၀) ခန့် အကွာ၌ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ မောင်တောအခြေစိုက် “ဗောဓိကုန်းနယ်ခြားစောင့်တပ်စခန်း”မှ ကံသာယာ (အလယ်) ကျေးရွာတွင်း၌ လက်နက်ကြီးကျည် (၅) လုံး ကျရောက် ပေါက်ကွဲခဲ့ကာ လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်ခဲ့သည်ဟုလည်း ညီနောင် သုံးဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ (NN-11)