တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီစစ်တပ်က တောကန်ရွာမှ ဆန်နှင့်စပါးအိတ်၁၀၀၀ကျော်ကိုယူဆောင်ပြီး ရွာကိုထပ်မံမီးရှို့


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ဆန်နှင့်စပါးအိတ် ၁၀၀၀ကျော်ကို ယူဆောင်သွားကာ နေအိမ်တစ်လုံးကို  မီးရှို့သွားသည်ဟု  သတင်းရရှိသည်။

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာ ၂၃ ရက်  မွန်းလွဲ ၂ နာရီ ခန့်က စစ်တပ်အင်အား ၅၀ခန့်ပါဝင်သည့် စစ်ကြောင်း တစ်ခုသည် ရွာထဲက စက်လှေဆိပ်ကို ဝင်ရောက်လာပြီး ဆန်နှင့် စပါးအိတ် အများအပြားကို ယူဆောင်သွားသည်ဟု တောကန်‌ ကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို‌ ပြောသည်။

"  စပါးနဲ့ဆန်အိတ်‌တွေက ရခိုင်နဲ့ မွတ်ဆလင်တွေအရောင်းအဝယ်သမားတွေပိုင်တဲ့ဟာတွေပါ။ စစ်တွေကိုပို့ဖို့အတွက် စက်လှေဆိပ်မှာ စီထားတာပါ။ အဲ့ဒါကိုစစ်သား‌တွေက စစ်ကားတွေ ထော်လာဂျီတွေနဲ့ အကုန်သယ်သွားကြတယ်။ နှစ်ခေါက်သုံးခေါက်လောက် သယ်သွားကြတယ်။ စပါးနဲ့ဆန်အိတ် ၁၀၀၀ ကျော်လောက်ရှိတယ် " ဟုပြောသည်။

၎င်းစစ်သားများသည်  ညနေ ၄ နာရီခန့်တွင် တောကန်ရွာကို ရွာကို မီးရှို့သွားခဲ့သည်ဟု တောကန်ကျေးရွာ မျက်မြင်တစ်ဦးက နိရဉ္စရာကိုပြောသည်


" စစ်သား ၈၀ လောက်ပါမယ်ထင်ပါတယ်။ အဲဒီအထဲက စစ်သား ၅၀ လောက်က ရွာထဲကိုဝင်လာတာကို ရွာသားတွေတွေ့တော့ အသက်လု ထွက်ပြေးကြတယ်။ သူတို့ ရွာထဲဝင်ပြီးမီးရှို့ပြီးထွက်သွားတယ်။ တစ်အိမ် ပြာကျသွားတယ်။ ရွာသားတွေ ရွာထဲပြန်ဝင်ပြီး မီး အမြန်ငြိမ်းလိုက်ကြလို့။ မဟုတ်ဆို တစ်ရွာလုံးပြာကျနေလောက်ပါပြီ" ဟုပြောသည်။

ယခုကဲ့သို့ ရွာကိုစစ်ကောင်စီ စစ်ကြောင်းဝင်တိုင်း မီးရှို့နေသည့် အတွက် စိုးရိမ် ကြောက်လန့် နေရသည်ဟု အမျိုးသမီးတစ်ဦးကပြောသည်။

"  ပထမဆုံး တစ်ခါမီးရှို့တုန်းက ရွာကလူတွေအကုန်ထွက်ပြေးကြတယ်။ အမျိူးသမီးနဲ့ အမျိုးသား တစ်ချို့ကျန်ခဲ့တယ်။ ဒီတစ်ခါကျတော့ ရွာလုံးကျွတ်ထွက်ပြေးကြတယ်။အခုလိုခဏခဏ စစ်သားတွေလာရင်မီးရှို့ခံနေရတဲ့အတွက် အရမ်းစိုးရိမ်မိပါတယ်။ကြောက်လည်းကြောက်ပါတယ်။ ရွာကစိုးရိမ်ရတဲ့အနေထား ရောက်နေပြီ" ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီကျော်ခန့်ကလည်း တောကန် ကျေးရွာကို စစ်ကြောင်းတစ်ခု  ရွာထဲသို့ ဝင်ရောက်ပြီး အဆောင်အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ ပြည်သူထုလူပိုင် ပစ္စည်းများကို သိမ်းယူသွားခြင်းနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားရုံးကို တင်မတင်သိလိုသဖြင့် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ နယ်လုံဝန်ကြီးအား ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

(NN-11) 

ဆက်စပ် သတင်းများ