တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီမှ ဒရုန်းဖြင့်ဗုံးချ၍ ကျောက်တော်မြို့နယ်တွင် အမျိုးသမီး ၁ဦးဒဏ်ရာရ၊ နေအိမ်တစ်လုံးပျက်စီး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးချ၍ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိပြီးနေအိမ်တစ်လုံးပျက်စီးသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာမှ အသက်(၅၄)နှစ်အရွယ် ဒေါ်လှညွန့်ရီဖြစ်ပြီး သူမ၏ ညာဘက်လည်ပင်းတွင် ဒရုန်းမှပစ်ခတ်သည့် ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ပျက်စီးသွားသည့် နေအိမ်မှာ ရွာဦးဘက်မှ ကိုအောင်မင်းကျော်၏ နေအိမ်ဖြစ်သည်ဟု သိရသည်။

ယနေ့ဒီဇင်ဘာလ ၂၃ရက်၊ နေ့လယ် ၁နာရီအချိန်ခန့်က ကျောက်တော်မြို့နယ်ရှိ စခက ၉ တပ်မမှ အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်သားများသည် ဒေါင်းတောင်ယိုးတပ်ရင်းနှင့် ၃၇၆ တပ်ရင်းသို့ စစ်ကြောင်းထွက်သည်ဟု သိရသည်။

ထိုသို့စစ်ကြောင်းထွက်ရာ၌ ရက္ခိုင့်တပ်တော်(AA)မှ ပြင်လှကျေးရွာ ရွာဦးဘက်တွင် ဂိတ်စခန်းချထားသည်ဟု ထင်မှတ်ပြီး စစ်ကောင်စီမှဒရုန်းဖြင့် ဗုံးချခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။


"သူတို့က(စကစ) ပြင်လှရွာထိပ်မှာ အေအေက ဂိတ် ချထားတဲ့ စခန်းရှိတယ်ဆိုတဲ့ အထင်နဲ့ ဒရုန်းနဲ့ ဗုံးသွားချတယ်။ အဲ့ဒါ လူနေအိမ်မှာ ကျပြီးတော့ လူနေအိမ်တစ်ဆောင်ပြိုပျက်သွားပြီး အမျိုးသမီးတစ်ဦး ညာဘက်လည်ပင်းမှာ ဗုံးစထိပါတယ်" ဟု ပြင်လှကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ဒရုန်းဖြင့်ဗုံးချပြီးနောက် အဆိုပါဒရုန်းကို ရက္ခိုင့်တပ်တော်(AA)က အာရ်ပီဂျီ(RPG)ဖြင့် လှမ်းပစ်ခတ်ပြီး မိနစ် ၂၀ခန့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

"နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ကြတယ်။ အထိအခိုက်အကျအဆုံးကိုတော့ မသိရသေးဘူး။ အပြင်ထွက်ပြီးလည်း ဘယ်သူမှမကြည့်ရဲကြဘူးလေ" ဟု နောက်ထပ် ပြင်လှကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းနောက်တွင် ကျောက်တော် စခက ၉ တပ်မနှင့် ၃၇၆ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြင်လှကျေးရွာအနီးကို လှမ်းပစ်ခတ်၍ ပြင်လှကျေးရွာသားများမှာ ကြောက်လန့်ပြီး ဘေးလွတ်ရာကို ရှောင်ပြေးနေကြရသည်ဟု သိရသည်။(NN-12)

 

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ