တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်စထိမှန်၍ မြောက်ဦးမှ အရပ်သားပြည်သူ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်၊မြောက်ဦးမြို့တွင် စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်၍အရပ်သားပြည်သူ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူများမှာ မြောက်ဦးမြို့ ရွာဟောင်းတောကျေးရွာမှ အသက်(၄၀)အရွယ် ဦးမောင်မောင်သိန်း (ညာဖက်ရင်အုံတွင် ကျည်စထိမှန်ဒဏ်ရာရ)အပါအဝင် နောက်ထပ်မြို့ခံအရပ်သားပြည်သူ ၄ဦး တို့ဖြစ်ကြောင်း ကနဦးသိရသည်။

မြောက်ဦးမြို့တွင် ယနေ့ဒီဇင်ဘာလ ၂၄ရက်၊ နံနက် ၆နာရီကျော်အချိန်ခန့်က ခမရ ၅၄၀ တပ်ရင်းမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ပေါ်နှင့် လူနေကျေးရွာများကို ကျရောက်ပေါက်ကွဲကာ ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု သိရသည်။

"ဒဏ်ရာရတဲ့သူတွေတော့ များတယ်။ အခုလောလောဆယ်တော့ ငါးယောက်လောက်ဘဲ သိရသေးတယ်။ ငါးယောက်ထက်တော့မနည်းဘူး။ နောက်ထပ်လည်းရှိနိုင်သေးတယ်။ လက်၊ ခြေထောက်နဲ့ ရင်ဘတ်တွေမှာ ကျည်စထိတဲ့သူတွေလည်းပါတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မသိရသေးပါဘူး" ဟု မြောက်ဦးမြို့ခံတစ်ဦးကပြောသည်


မြောက်ဦးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၄ရက်၊ နံနက်  ၃နာရီ ၅၅ မိနစ် အချိန်ခန့်က ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်အနီးရှိရဲစခန်းနှင့် သူတော်မတောင်းစစ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကာ နံနက် ၄နာရီကျော်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာအနီးသို့  မြောက်ဦးမြို့ အခြေစိုက် ခမရ ၃၇၇ တပ်ရင်းနှင့် ၅၄၀ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မြောက်ဦးမြို့မဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။(NN-12)

ဆက်စပ် သတင်းများ