စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးတိုက်ပွဲ ၅ နာရီကျော်ကြာ ပြင်းထန်ခဲ့ (လက်ရှိပစ်ခတ်မှုများရပ်တန့်နေ)


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ယနေ့မနက်ပိုင်းကစတင်ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲသည်ရပ်လိုက်၊ နားလိုက် ပြန်ပစ်ခတ်လိုက်ဖြင့်  ၅ နာရီကျော်ခန့်ထိကြာမြင့်ခဲ့ကြောင်း မြို့ခံများကပြောသည်။

ယနေ့ဒီဇင်ဘာလ ၂၄ ရက်၊ မနက် ၃ နာရီ ၅၅ မိနစ်ခန့်က ငွေတောင်ပေါက်ရှိ မြို့မရဲစခန်းနှင့် သူတော်မကုန်းစစ်စခန်းတို့ကို AA က ထိုးစစ်ဆင်တိုက်ရာမှ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အချိန် ၅ နာရီကျော်ထိကြာမြင့်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

" မြောက်ဦးတိုက်ပွဲက ဘယ်အခြေအနေအထိလဲဆိုတော့ သေနတ်ပစ်သံတွေက မနက် ၄ နာရီဝန်းကျင်လောက်ကပဲစထွက်လာတာ။ မနက် ၉ နာရီလောက်မှ သေနတ်သံတွေကရပ်သွားတာပါ။ စစ်တပ်ဘက်ကတော့ လက်နက်ကြီးပစ်ခတ်မှုကတော့ ရပ်လိုက်၊ပစ်လိုက်နဲ့ ၁၀ နာရီဝန်းကျင်အထိ ရှိခဲ့ပါတယ်" ဟု သူကပြောသည်။

ဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ ၃၇၇၊ ခမရ ၅၄၀ အပါအဝင် ရဲတပ်ရင်းများက လက်နက် ကြီးဆက်တိုက်ရမ်းသန်းပစ်ခတ်ခဲ့၍ မြောက်ဦးမြို့၊ ရွာဟောင်းတောနှင့် ဆင်ချဆိပ်ရပ်ကွက်မှ အရပ်သား ၅ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ လက်နက် ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ခံများမှာ မြို့ပေါ်မှ ဘေးလွတ်ရာသို့ထွက်ပြေးသူအများအပြားရှိနေကြောင်း မြောက်ဦးမြို့ခံလူငယ်တစ်ဦးက​ပြောသည်။

" မြောက်ဦးမြို့ခံတွေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိုက်ပွဲသတင်းကြောင့် မြို့ကရွှေ့ပြောင်းသွားသူတွေ ရှိတယ်။အခုတိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေဆက်တိုက်ထုတော့ မြို့ခံတွေပိုပြီးတော့ ထွက်ပြေးနေကြတာရှိပါတယ်" ဟု ပြောသည်။

ယနေ့ နံနက် ၉ နာရီ ၅၉ မိနစ်အချိန်ဆက်သွယ်မေးမြန်းချက်အရ သေနတ်ပစ်ခတ်သံများမှာ ရပ်တန့်နေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုတချို့ကြားနေရသေးကြောင်း မြို့ခံများကပြောသည်။

မြောက်ဦးမြို့၊ ငွေတောင်ပေါက်ရှိမြို့မရဲစခန်း၊ သူတော်မကုန်းစစ်စခန်းတို့မှာ ဒေသခံပြည်သူများကို မြို့အဝင်အထွက်သွားလာ၍မရအောင် ပိတ်ဆို့ထား၍ ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများကပြောသည်။(NN-23)

 

ဆက်စပ် သတင်းများ