ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

စစ်တပ်က စစ်တွေမြို့နယ် တောကန်ရွာသို့ ဒရုန်းဖြင့် ပျံဝဲပစ်ခတ်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအပေါ်က စစ်ကောင်စီက ဒရုန်းဝဲပျံပြီး ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

တောကန်ကျေးရွာကို ယနေ့ဒီဇင်ဘာ ၂၄ရက် နေ့လယ် ၁၂နာရီကျော်ခန့်မှစ၍ စစ်ကောင်စီတပ်မှ ဒရုန်းများဖြင့် လာပြီး ပစ်ခတ်နေခြင်း ဖြစ်ကြောင်း  တောကန်ကျေးရွာသား တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဒီနေ့ နေ့လယ် ၁၂နာရီကတည်းက တစ်လုံး၊ တစ်နာရီမှာ တစ်လုံးကျတယ်။ ပစ်တာ နှစ်လုံးရှိပြီ ပစ်နေတာ။ ရည်ရွယ်ချက်ရှိရှိကိုပစ်တာ။ မနေ့ကလည်း အိမ်ကိုမီးရှို့တယ်။ ဒီနေ့လည်း ဒရုန်းနဲ့ ပစ်တယ်ဆိုတော့ ရွာသားတွေ အတွက် အရမ်းစိုးရိမ်စရာဖြစ်နေပြီ " ဟုပြောသည်။

လက်ရှိတွင်တောကန်ကျေးရွာသား ၁၀၀နီးပါးခန့်  အပြင်သို့ မပြေးနိုင်ဘဲ ရွာထဲတွင်ပိတ်မိနေသည်ဟု ၎င်းက ပြောသည်။

" ရွာကပြေးတဲ့သူတွေပြေးတယ်။ ပိတ်မိနေတဲ့သူတွေလည်း ဒရုန်းနဲ့ပစ်နေတော့ အပြင်ထွက်ရင် လှမ်းပစ်မလားကြောက်ပြီး ရွာထဲမှာဘဲ ပုန်းနေကြရတယ်။ ထပ်ပြီးမီးလာရှို့မှာ ကြောက်နေတယ် " ဟုပြောသည်။

ယမန်‌ နေ့ဒီဇင်ဘာလ (၂၃) ရက်နေ့၊ ညနေ (၄) နာရီ (၃၀) မိနစ်ခန့်၌ ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်၊ တောကန် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား (၅၀) ခန့်သည် လက်နက်အပြည့်အစုံဖြင့် ရမ်းရမ်းကားကား ဝင်ရောက်လာပြီး ကျေးရွာတွင်းရှိ ဒေသခံများ၏ နေအိမ်များအား ဓာတ်ဆီလောင်း၍ နေအိမ်တစ်လုံးအား တမင်တကာ မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် ဆိပ်ကမ်းအနီး၌ ရှိသည့် ဒေသခံ ဆန်ကုန်သည်များ၏ စပါးတောင်း (၃) ‌ထောင်ကျော်၊ ဆန်အိတ်ပေါင်း (၈၀၀) အိတ်ခန့်နှင့် ဆန်ကွဲအိတ် (၁၀) ကျော်တို့အားလည်း အတင်းအဓမ္မလုယူ သွားခဲ့သည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် ၎င်းဆိပ်ကမ်းအနီးရှိ ဒေသခံများပိုင်ဆိုင်သော ချွေးနှဲစာများထဲမှ ဆိုင်ကယ် (၃) စီးနှင့် ဟွန်ဒါလှေ များတွင် တပ်ဆင်ထားသည့် အင်ဂျင်စက်များကိုပါ တပါတည်း လုယူသွားခဲ့ကာ ဒေသခံဘုတ် သမား (၂) ဦးအားလည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ 

အဓမ္မလုယက်ပစ္စည်းများ အပါအဝင် ဖမ်းဆီးလာခဲ့သည့် ဒေသခံ (၂) ဦးတို့အား စစ်တွေ အခြေစိုက် စစ်ကောင်စီ၏ “B.E တပ်” သို့ ယူဆောင်သွားခဲ့သည်ဟု ညီနောက်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(NN-11) 

ဆက်စပ် သတင်းများ