ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့၊ မြတောင်ဆိပ်ကမ်းတွင် စစ်တပ်က သေနတ်ပစ်ဖောက်ပြီး စက်လှေများပေါ်မှ ပြည်သူများ၏ ကုန်ပစ္စည်းများကို သိမ်းယူ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြတောင်ဆိပ်ကမ်းတွင် ယနေ့မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ပြီး စက်လှေများပေါ်မှ ကုန်ပစ္စည်းများကို သိမ်းယူနေကြောင်းသတင်းရရှိသည်။

ယနေ့ဒီဇင်ဘာလ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က အင်အား ၅၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့်လာရောက်ပြီး သေနတ်ပစ်ဖောက်ကာ ဒေသခံများ၏ ကုန်ပစ္စည်း သိမ်းယူနေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

" စစ်သား ၅၀ ဝန်းကျင်လောက်ပါပါတယ်။ ကားနှစ်စီးနဲ့မြတောင်ဆိပ်ကမ်းကိုလာတယ်။ သေနတ် ပစ်ဖောက်ပြီးတော့ စက်လှေတွေပေါ်က ကုန်ပစ္စည်းတွေကိုအကုန်သိမ်းယူနေကြတာပါ" ဟု နိရဥ္စရာသို့ပြောသည်။

စက်လှေများပေါ်မှ ကုန်ပစ္စည်းများကိုစစ်ကောင်စီက သိမ်းယူနေသည်မှာမှန်ကန်သော်လည်း လူများဖမ်းဆီးခံရမှု ရှိမရှိကို မသိရှိရသေးကြောင်းသူကပြောသည်။

အဆိုပါမြတောင်ဆိပ်ကမ်းရှိ စက်လှေများပေါ်တွင် ကျေးရွာများသို့သယ်ဆောင်သွားမည့် ဆီ၊ဆား၊ငရုတ်၊ကြက်သွန် အစရှိသည့် အခြေခံစားသောက်ကုန်များအဓိကတင်ထားရာ စစ်ကောင်စီတပ်က ကုန်ပစ္စည်းအားလုံးကို သိမ်းယူနေခြင်းဖြစ်ကြောင်း သိရသည်။

" အဲဒီစက်လှေတွေပေါ်မှာက ဆီ၊ငရုတ်၊ကြက်သွန် အခြေခံစားသောက်ကုန်တွေပါတယ်။ မြို့ပေါ်ကနေ ကျေးရွာက ဒေသခံတွေက ရွာကိုယူဖို့တင်ထားကြတာပါ။အကုန်လုံးကို စစ်သားတွေကသိမ်းနေကြတာပါ" ဟု ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။

မြတောင်ဆိပ်ကမ်းမှာ မြို့မစေတီတောင်ရပ်ကွက် မြတောင်ဘုန်းကြီးကျောင်းရှေ့တွင်ရှိသည့် ဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်ကပင် ဘူးသီးတောင်မြို့ဘုတ်ဆိပ်တွင် စက်လှေများ ကမ်းကပ်ခွင့် ပိတ်ပင်လိုက်၍ စက်လှေများမှာ မြတောင်ဆိပ်ကမ်းတွင် တိတ်တဆိတ်ကမ်းကပ်၍ မြို့ပေါ်နှင့် ကျေးရွာများသို့သွားလာခြင်းပြုလုပ်နေရခြင်းဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ