အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မောင်တောမြို့နယ် ကြောင်နဖေ(မြို)ကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ နေအိမ် ၃၀ကျော်မီးလောင်


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဖေ(မြိုတိုင်းရင်းသား)ကျေးရွာသည်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ အိမ်ခြေ ၃၀ ကျော် မီးထဲပါသွား၍ အထူးအခက်အခဲ ဖြစ်နေကြရသည်ဟု ရွာသားများကနိရဉ္စရာသတင်းဌာနကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခမောင်းဆိပ်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်သည့် အတွက်ကြောင့် နေအိမ်များမီးလောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

" လက်နက်ကြီးပစ်တာနဲ့ တစ်ခါတည်းမီးထလောင်တာ။ အိမ်ခြေ ၄၀ မှာ နေအိမ် ၇ ဆောင်လောက်ပဲ ကျန်ခဲ့တယ်။ အကုန်လုံးမီးလောင်သွားတယ်။ ရွာသားတွေကတော့ ကံကောင်းလို့ ဘာမှမဖြစ်လိုက်ဘူး " ဟုပြောသည်။

ခမောင်းဆိပ်ဗျူဟာကုန်းသည် အဆိုပါရွာအနောက်တောင်ဘက်၏ ၃ မိုင်ခန့်အကွာအဝေးတွင် တည်ရှိပြီး လက်နက်ကြီးမပစ်မ နေ့လယ် ၁၁ နာရီကျော်ခန့်က ကြောင်နဖေရဲကင်းစခန်းနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟုလည်း ရွာလူကြီးတစ်ဦးကပြောသည်။

" ကြောင်နဖေရွာရဲကင်းစခန်းနဲ့ အေအေနဲ့ နေ့လယ်ကတိုက်ပွဲ နာရီဝက်လောက်ဖြစ်တယ်။ ညနေ ၄ နာရီ လောက်ဆိုတာနဲ့ ရွာကိုလက်နက်ကြီးကျလို့ မီးလောင်တာ။ အိမ် ၇ ဆောင်လောက်ပဲကျန်ခဲ့တယ် " ဟုပြောသည်။

ကြောင်နဖေရွာတွင် ၎င်းရွာသားများသည် တောင်ယာအလုပ်နှင့် လယ်ယာအလုပ်ကို အဓိကထား လုပ်ကိုင်စားသောက်ကြကြောင်း၊ လက်ရှိတွင် တောင်ယာအလုပ်လည်း မလုပ်နိုင်ဘဲ ရွာကနေ ထွက်ပြေးနေကြရကြောင်း သိရသည်။

" အဲဒီ ဗျူဟာကုန်းက လက်နက်ကြီး လေး၊ ငါးလုံးလောက်ပစ်တာ။ လူတွေတော့ ဘာမှမဖြစ်ဘူး။ လက်နက်ကြီး မပစ်ခင်ကတည်းကနေ အခြေအနေကြည့်ပြီး ရွာသားတွေက ဘေးလွတ်ရာကို ပြေးနေကြတာ " ဟုပြောသည်။

ယင်းအပြင် ယမန်နေ့ဒီဇင်ဘာလ ၂၃ရက်စပြီး ယနေ့ဒီဇင်ဘာလ ၂၄ရက် နေ့လယ် ၂နာရီကျော်အချိန်ထိ ခမောင်းဆိပ်ဗျူဟာကုန်းမှ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။(NN-13)

ဆက်စပ် သတင်းများ