တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ယဥ်ကျေးမှုအမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးသည့် စစ်ကောင်စီလုပ်ရပ်အား ရခိုင်လူမျိုးများအနေဖြင့် မေ့ပျောက်၍ရမည်မဟုတ်ကြောင်း AA သတိပေး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 847

လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည့်အပြင် ယဥ်ကျေးမှုအမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးသည့် စစ်ကောင်စီ လုပ်ရပ်အား ရက္ခိုင်လူမျိုးများအနေဖြင့် မည်သည့်အခါမှမေ့ပျောက်၍ရမည်မဟုတ်ကြောင်းနှင့် ထိုသို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီအား ထိထိရောက်ရောက်တုံ့ပြန်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်​တော်(ULA/AA) က သတိပေးထုတ်ပြန်လိုက်သည်။

ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က မြောက်ဦးမြို့နန်းရာကုန်းရှိ ရခိုင်တမျိုးသားလုံးအတွက် အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း သမိုင်းအမွေအနှစ်များထားရှိရာ ရှေးဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြတိုက်အတွင်းရှိကျောက်စာများ အပါအဝင် အမွေအနှစ်ပစ္စည်းများ ပျက်စီးခဲ့ရကြောင်း မြို့ခံများကပြောဆိုကြသည်။

စစ်ကောင်စီတပ်က ရှေးဟောင်းသမိုင်းဝင်အမွေ အနှစ်များကိုပါ ပစ်ခတ်ဖျက်ဆီးလာခြင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA က ယနေ့ဒီဇင်ဘာလ ၂၅ ရက်က သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

AA ၏ထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်ရင်း များဖြစ်ကြသော ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းများနှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့မှ ယနေ့မနက် ၅ နာရီခွဲခန့်ကစတင်ပြီး မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံတို့အား တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင် ရေးအတွက် ကြိုပမ်း ဆောင်ရွက်နေမှုကိုသိပါလျက် ယခုကဲ့သို့ ယုတ်မာညစ်ပတ်စွာဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်းပြောဆိုထားသည်။

စစ်ကောင်စီ၏ ယနေ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်း မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်အတွင်းမှ ရက္ခိုင့် အမွေအနှစ်များအဖြစ် သတ်မှတ်ထားသည်သာမက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွားထားသည့် တန်ဖိုးဖြတ်၍မရသော ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းပါ လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးခဲ့ရသည်။" ဟု ဆိုသည်။

"လူသားမျိုးနွယ်အပေါ် ပြစ်မှုကျုးလွန်ခြင်း၊ လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုအမွေအနှစ်များကို ရည်ရွယ်ချက် ရှိရှိဖြင့်ဖျက်ဆီးခြင်း အစရှိသော စစ်ရာဇဝတ်မှုမျိုးစုံတို့ကို အကြိမ်ကြိမ်ကျူးလွန်ထားပြီးဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် မိမိတို့ ရက္ခိုင်လူမျိုးများအနေဖြင့် မည်သည့်အခါမျှ မေ့ပျောက်၍ ရလိမ့်မည် မဟုတ်ဆိုသည်ကို ဖက်ဆစ်ဆန်သော အကြမ်းဖက်စစ်ကောင်စီအား သိစေအပ်သည်။

ဤကဲ့သို့ ရက္ခိုင်လူမျိုး များ၏ သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်အား မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်"ဟုလည်းဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလူမျိုးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတို့ အကြားတွင် နှစ်ဖက်တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှဖြစ်ပွားလျက်ရှိသည်။

၁ဝ၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယနေ့ အချိန်အထိ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတို့အပြင် အဘက်ဘက်တွင် ရှုံးနိမ့်လျက်ရှိသော စစ်ကောင်စီသည် ၎င်းတို့ အရေးနိမ့်နေသည့်အချိန်တိုင်းတွင် အပြစ်မဲ့ပြည်သူလူထုများရှိရာ ရပ်ရွာ၊ မြို့ကြီးများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်း၊ ရေကြောင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ယုတ်မာစွာ ပြုလုပ်လေ့ရှိသည်။

ထို့အပြင် ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် များကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း တို့ကိုလည်း ပြုလုပ်လေ့ရှိသည်ဟု AA ၏ထုတ်ပြန်ချက်ကဆိုသည်။(NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!