တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကလောအခြေစိုက် တပ်မ(၅၅)မှ စစ်သားရာဂဏန်းနီးပါး ကိုးကန့် MNDAA ထံလက်နက်ချ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 849

စစ်ကောင်စီက တပ်ကူစေလွှတ်ထားသော ကလောအခြေစိုက်  တပ်မ (၅၅)မှ စစ်သားရာဂဏန်းနီးပါး ကိုးကန့်  MNDAA ထံ လက်နက်ချ အညံ့ခံလိုက်ရသည်ဟု သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ရှိ  စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင် စခန်းနှင့် ထင်ပါကျိုင်း ပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက် သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ရာဂဏန်းနီးပါး လက်နက်ချ အညံ့ခံကြသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

၎င်းတို့ အညံ့ခံလက်နက်ချပြီးနောက် ဆေးကုသမှုပေးမှု အပါအဝင် စောင့်ရှောက်မှုများကို MNDAA က လုပ်ဆောင် ပေးနေကြောင်း ယခုလ ၂၅ ရက်နေ့က ဆိုရှယ်မီဒီယာများတွင် သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့သည်။

ထို့ပြင် လောက်ကိုင်မြို့ရှိ ထင်ပါကျိုင်းပြည်သူ့စစ်ခန်းကိုလည်း MNDAA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်း ရရှိကြောင်း သိရှိရသည်။


ဧရာ၀တီသတင်းဌာနတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်ဝန်းကျင်မှ စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင်များ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ထံ လက် နက်ချသွားကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် နီးစပ်သည့် စစ်ရေးလေ့လာသူအချို့ကို ကိုးကားပြီး သတင်းဖော်ပြထားသည်။

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာနေသူတဦးကို ကိုးကားဖော်ပြရာတွင်  “လူမှုကွန်ရက်မှာ ပျံ့နေတဲ့ဗွီဒီယို ဖိုင်ရယ် အခြား ဒေသခံတွေပြောတဲ့အရ ဆိုရင် တပ်မ ၅၅ က ပြည်သူ့စစ်တွေနဲ့ ပေါင်းနေတာ ၁ ဗျူဟာမှာ တပ်ရင်း ၃ ရင်း၊ ၁ ရင်းကို အင်အား ၆၀ လောက် ရှိတယ်ပြောတယ်။ ဆိုတော့ စုစုပေါင်း ၁၈၀ လောက်ရှိမှာပေါ့။ ၁၈၀ လောက်မှာ တဝက်လောက် ကျပြီးတော့ တဝက် လောက် လက်နက်ချတယ် ပြောတယ်။ တပ်မ ၅၅ အပြင် ပယ်ဆောက်ချိန်ရဲ့ ပြည်သူ့စစ်တွေလည်း လက်နက်ချတယ်” ဟု ပြောဆိုကြောင်း ရေးသားဖော်ပြထားသည်။

တပ်မ (၅၅) သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတို့ အပစ်မရပ်မီ အချိန်ထိ ရခိုင်စစ်မျက်နှာတွင် ပါဝင်တိုက်ခိုက်ခဲ့သော တပ်မဖြစ်ပြီး မြောက်ဦးမြို့တွင် နေရာယူခဲ့ကာ ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကို ကျူးလွန်ခဲ့သည့် တပ်မဖြစ်ကြောင်း သိရိရသည်။ (NN-30)

ဓာတ်ပုံ- အောင်ကျော်မင်းပို့စ်

ဆက်စပ် သတင်းများ