တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် တင်းမရွာ တောင်ရှည်တောင်ဗျူဟာအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ညအချိန် လေယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ကျောက်တော်မြို့နယ် အထက်ပိုင်း တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယမန်နေ့ (ဒီဇင်ဘာလ ၂၅ရက်)က  တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညအချိန်က စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လယ် ၁နာရီအချိန်ခန့်ကစတင်ကာ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာနှင့် မာလာရွာကျေးရွာကြားရှိ တောင်ရှည်တောင် ဗျူဟာအနီးတွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

"တောင်ရှည်တောင်မှာ စစ်တပ်က ဗျူဟာစခန်းရှိတယ်။ အဲ့ဒီတောင်မှာ မနေ့ကနေ ဖြစ်နေကြတာ။ နှစ်ဖက် အပြန်အလှန် လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ရှည်တောင်ဗျူဟာ၌  မျောက်တောင်နှင့် ပြိုင်းတိုင်းတောင် စခန်းတို့ မှ စစ်သားများကို ရုတ်သိမ်းပြီး  တပ်များကို ပူးပေါင်းတပ်ချထားသော စခန်းဖြစ်သည်ဟုလည်း သိရသည်။

တောင်ရှည်တောင်အနီးတဝိုက်ကို မနေ့က ရက္ခိုင့်တပ်တော်(AA)က မိုင်းရှင်းလင်းရန်လုပ်နေစဉ်စစ်ကောင်စီဘက်မှ မြင်တွေ့သွားပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

"တောင်ရှည်တောင်ကို အေအေက ဝိုင်းထားတာ။ အဲ့ဒီတောင်ကို ထိုးစစ်ဆင်မလို့ ထင်ပါတယ်။ အေအေ မိုင်းရှင်းလင်းရေး လုပ်နေတာကို စစ်တပ်ကမြင်သွားပြီး တိုက်ပွဲဖြစ်ကြတာ။ အာရ်ပီဂျီလောင်ချာ တွေနဲ့လည်း အပြန်အလှန် ပစ်ကြတယ်" ဟု ပြောသည်။

၎င်းတိုက်ပွဲမှာ နေ့လယ် ၃နာရီအထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ ည ၉ နာရီနှင့် ၁၀ နာရီအကြားတွင် တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်လာရောက်ပြီး ဗုံး(၅) လုံးကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးဝန်းကျင်ကို ကျောက်တော် စခက ၉ တပ်မမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

“ဒီကနေ့ မနက်ထိ လက်နက်ကြီးပစ်သံတွေကို ၁၅ မိနစ်တစ်ကြိမ် ကြားရပါတယ်။ အခြေအနေက ဘယ်လို ဖြစ်နေတယ်ဆိုတာ မပြောနိုင်ပါဘူး။ လက်နက်ကြီးအသံကတော့ ရိုးနေပြီဖြစ်လို့ ဘယ်ကိုပစ်တယ်ဆိုတာလည်း မပြောတတ်တော့ဘူး။ နေ့တိုင်းပစ်နေတော့လေ” ဟု ၎င်းက ဆိုသည်။

လက်ရှိ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်အနီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။(NN-12)

 

ဆက်စပ် သတင်းများ