တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မင်းပြားတွင် မိုင်းပေါက်ကွဲ၍ ချင်းအမျိုးသားတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် မိုင်းပေါက်ကွဲ၍   ချင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့  ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီခန့်တွင် ကျိန်းတောင်တောင်တန်းရှိ ရေတံခွန် ဘုးန်ကြီးကျောင်းကို သွားရာတွင် မိုင်းနင်းမိကာ ညာဘက်ခြေထောက်ပြတ်ထွက်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"ကျိန်းတောင်တောင်တန်းက ရေတံခွန်ကျောင်းကို သွားတာ ပြောတယ်။ သူက ချင်းလူမျိုးပါ။ စိတ်မနှံ့ဘူးလို့ သိရပါတယ်။ အခုက ခန္ဓာကိုယ်အနှံ့လည်း ဒဏ်ရာတွေရှိတယ်။ ကြီးကြီးမားမားကတော့ ညာခြေထောက် ပြတ်သွားပါတယ်" ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူမှာ မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်မှ ဦးမောင်တင်လှ(၅၀ နှစ်)ဖြစ်သည်။

လက်ရှိမှာ မင်းပြားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု သိရသည်။

မင်းပြားကျိန်းတောင် တောင်တန်းများတွင် စစ်ကောင်စီက ၂၀၁၈ ခုနှစ်ကတည်း တပ်စွဲနေထိုင်လျက်ရှိရာ တောင်တန်းများတစ်လျှောက် မိုင်းထောင်ထား၍ တောတောင်ကို မှီခိုစားသောက်သည့် ဒေသခံများမှာ အခက်အခဲဖြစ်နေရကြောင်း မင်းပြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

"အခုလိုကာလမှာ လမ်းတွေလည်းပိတ်ထားတော့ ရှိတဲ့ အနီးအနား တောတောင်တွေကို မရှိမဖြစ် မှီခိုရမယ့်အနေအထားပေါ့နော်။ ဒါပေမယ့် အသက်အန္တာရယ်ကို စိတ်ပူရတယ်။ ၂၀၁၈ လောက်ကတည်းက သူတို့ အဲ့ဒီမှာ နေကြတာ။ မိုင်းတွေထောင်ထားတော့ စိုးရိမ်သောကတွေနဲ့ပဲ ရှာဖွေစားသောက်နေရပါတယ်"ဟု ပြောသည်။(NN-7)

(ပုံစာ-ဒဏ်ရာရရှိထားသည့် ဦးမောင်တင်လှအား တွေ့ရစဥ်)

ဆက်စပ် သတင်းများ