Preview

မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကိုတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဟု NUG ဆို

ဒီဇင်ဘာ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1207
ရခိုင် သတင်း

ရှေးဟောင်းရခိုင်မြို့တော်ဟောင်း မြောက်ဦးရှိ ရှေးဟောင်းသုတေသနပြတိုက်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံက သဘောတူထားသည့်  ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုး၇ (NUG) ပြောဆိုလိုက်သည်။  

NUG  ၏ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ ကမြောက်ဦးရှေးဟောင်း သုတေသနပြတိုက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားပြီး ၎င်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်းဖြင့်လည်း ဖော်ပြထားသည်။ 

မြန်မာနိုင်ငံသည်“TheGeneva Convention” နှင့် "The Hague Convention" ကို လက်မှတ် ရေးထိုး ထားသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သဖြင့် စစ်ရေးနှင့်မဆိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို တိုက်ခိုက်သည့် လုပ်ရပ်သည်  ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်းနှင့် The Hague Convention ပါ အချက်အလက်ဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီက မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်များကို စစ်ရေးပစ်မှတ်ထား၍ ဖျက်ဆီးခြင်းအပေါ်အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရှုတ်ချလိုက်ပြီး နိုင်ငံတကာတရားရုံးနှင့်  ပြည်တွင်းတရားရုံး တို့ အရအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏ တည်ဆဲရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉(က)ကိုကျူးလွန်ခြင်း၊ တိုင်းရင်းသား အချင်းအချင်းအပေါ်တွင် ဗိုလ်ကျ စိုးမိုး၍ ငြိမ်းချမ်းရေးအပြီးတိုင် ပျက်စီးစေရန် ကျူးကျော်ရန်စသည့် လုပ်ရပ်ဖြစ်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။


ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၅၄၀-တပ်နှင့်၃ရ၇-တပ်တို့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့်  မြောက်ဦးအမွေအနှစ်ဇုန်အတွင်းတည်ရှိသော မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်အတွင်း ပျက်စီးမှုများရှိခဲ့သည်။ 

၎င်းမြောက်ဦရှေးဟောင်းသုတေသနပြတိုက်သည် ရှေးခေတ်ရခိုင်ဘုရင် အဆက်ဆက်၏ အမျိုးသား ယဉ်ကျေးမူ အမွေအနှစ်များဖြစ်သော နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ကျောက်စာတိုင်များ၊ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာရုပ်ဝတ္ထုများကို ထိန်းသိမ်းထားရာ နေရာဖြစ်သလို မြောက်ဦးယဉ်ကျေးမှု ဇုန်သည် UNESCOWorld Heritage  Convention အရ အသိအမှတ်ပြု ထိန်းသိမ်းရေး နယ်မြေအဖြစ် အဆိုပြုတင်ပြထားသည့် နေရာလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်သူတို့၏ သမိုင်းအစဉ်အလာ၊ ကြီးကျယ်မြင့်မြတ်မှု၊ မြို့ပြ တည်ဆောက်သည့် နည်းပညာ ထွန်းကားခဲ့သည့် ယဉ်ကျေးမှု စသည့်တို့ တည်ရှိရာ အရပ်ဒေသဖြစ်ကြောင်း၊ ယင်းပြတိုက်သည် ၇ခိုင်တွင် ထွန်းကားခဲ့သည့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ခေတ်ကြီး လေးခေတ်တို့၏ သမိုင်း တန်ဖိုးဖြတ် မရနိုင်သည့် ကျောက်စာ၊ ကျောက်ဆစ်စသည့် အမွေအနှစ်များ ခင်းကျင်း ပြသရာနေရာ တစ်ခုလည်း ဖြစ်ကြောင်း၊ ပြတိုက် အတွင်းရှိ ကျောက်စာတိုင်များနှင့် ရုပ်ဝတ္ထုများသည် ရခိုင်ပြည်၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် ရခိုင်ပြည်သူပြည်သားတို့၏ အတိတ်သမိုင်းကို ပြသထားသည့် အဖိုးတန် ရတနာများ ဖြစ်သည့်အပြင် ထိုကျောက်စာတိုင်များတွင် ရေးထိုးထားသည့် ရခိုင်ဘုရင်များ၏ နန်းဓလေ့များ၊ ရခိုင်အက္ခရာများသည် ရခိုင်လူမျိုးတို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များ ဖြစ်သဖြင့် ရခိုင်တို့၏ အတိတ် သမိုင်းနှင့် လူမူရေးသမိုင်းကိုပြသရာနေရာပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


ယင်းသို့ တန်ဖိုးဖြတ်၍ မရနိုင်သည့် တိုင်းရင်းသားတို့၏ အမွေအနှစ်များကို စစ်ရေး ပစ်မှတ်ထား၍ ဖျက်ဆီးခြင်းသည် ရှေးခေတ်စစ်မိစ္ဆာများ တိုင်းတပါးကို ကျူးကျော် သိမ်းပိုက်သည့်အခါတိုင်းဦးစွာဆောင်ရွက်လေ့ရှိသည့် Archives ဖျက်ဆီးခြင်း လမ်းစဉ်ကို ပြုလုပ်ခြင်းဖြစ်ပြီး ထိုလူမျိုးတို့၏အရင်းအမြစ်ဖျောက်ဖျက်ခြင်းဖြစ်၍ လွန်စွာလူသားမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ဆိုထားသည်။ (NN-7)

#မြောက်ဦး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.