စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

AA မှ စစ်ကောင်စီ ဗျူဟာနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

"ပေါက်တောမြို့ကို နေဗီလေးစီးဖြင့် တစ်ပြိုင်နက်တည်းပစ်ခတ်၍ မြို့အတွင်း မီးလောင်မှုများဆက်ဖြစ်ပွား"

ရက္ခိုင့်တပ်တော် ( AA)က စစ်ကောင်စီ၏ ဗျူဟာကုန်းနှစ်ခုအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး စစ်ကောင်စီကလည်း လေတပ်ကို အသုံးပြုပြီး ခုခံကာကွယ်နေသည်ဟု  သိရသည်။

ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ကောင်စီဗျူဟာကုန်း ၂ ခုမှာ ပလက်ဝမြို့အနီးမှ “ခဝဲဗျူဟာကုန်း” နှင့် ကျောက်တော်မြို့နယ်မှ “တင်းမ တောင်ရှည်တောင်ဗျူဟာကုန်း” တို့ ဖြစ်ကြသည်။

ဒီဇင်ဘာလ (၂၆) ရက် ရခိုင်စစ်ရေးနှင့် ပတ်သက်သောသတင်းများကို ညီနောင်သုံးဖွဲ့က ထုတ်ပြန်ရာတွင် ပလက်ဝအတွင်းမှ “ခဝဲဗျူဟာကုန်း” အားလည်း အပြီးသတ် သိမ်းပိုက် ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။

၎င်းအပြင် ကျောက်တော်မြို့နယ်မှ “တင်းမ တောင်ရှည်တောင်ဗျူဟာကုန်း” တိုက်ပွဲနှင့် ပတ်သက်ပြီးလည်း ယခုလို ဖော်ပြသည်။

“ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ညအချိန်ကလည်း ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အထက်ပိုင်းတင်းမ ကျေးရွာရှိ တောင်ရှည်တောင် ဗျူဟာအနီးဝန်းကျင်သို့ စစ်ကောင်စီ၏ လေယာဉ် (၂) စီးမှ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ အဆိုပါစစ်ကောင်စီ၏ ဗျူဟာကုန်းသည် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေသော စခန်းတစ်ခုဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ၎င်းဗျူဟာကုန်း မကျဆုံးစေရေး အတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူ အမြောက်အမြား ဖြင့် အပြင်းအထန်ခုခံလျက်ရှိသည်” ဟု ဖော်ပြထားသည်။

ကျောက်တော်မြို့နယ် အထက်ပိုင်း တင်းမ- တောင်ရှည်တောင်ဗျူဟာတွင် ရက္ခိုင့်တပ်တော်(AA) နှင့် ဒီဇင်ဘာလ ၂၅ရက် နေ့လယ်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းနေ့ ညအချိန်က စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

"တောင်ရှည်တောင်မှာ စစ်တပ်က ဗျူဟာစခန်းရှိတယ်။ အဲ့ဒီတောင်မှာ ဒီလ ၂၅ ရက်ကနေ ဖြစ်နေကြတာ။ နှစ်ဖက် အပြန်အလှန် လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၂နာရီ  ၅၁ မိနစ်ခန့်တွင် ပလက်ဝမြို့နယ်၊ ခန်ခတောင်ကြောရှိ ပွိုင့် (၉၈၂) ကုန်းအနီးတွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။


ပေါက်တောမြို့တွင် စစ်ကောင်စီ နေဗီ ၄ စင်းက တစ်ပြိုင်နက်တည်း အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ ရပ်ကွက်အချို့တွင် မီးလောင်နေသည်ဟု သိရသည်။

အဆိုပါ သတင်းကို ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ “ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၉) နာရီဝန်းကျင်အချိန်ခန့်တွင် ပေါက်တောမြို့အား စစ်ကောင်စီ၏ နေဗီ (၄) စီးသည် ပေါက်တော မြစ်တစ်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် တစ်ပြိုင်နက်တည်း အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သင်္ဘောဆိပ်၊ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် တို့အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ အဆိုပါရပ်ကွက်အတွင်းရှိ အရပ်သားလူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်”ဟု ဖော်ပြထားသည်။

တစ်ဆက်တည်းမှာပင် ၎င်းနေ့  နံနက် (၁၁) နာရီအချိန်ခန့်ကလည်း နန်းကျွန်းအနီးရှိ စစ်ကောင်စီ၏ နေဗီ (၁) စီးမှ မြင့်ဂါဘက်မှ လာသည့် ခရီးသည်တင်စက်လှေတစ်စီးအား ရမ်းကားပစ်ခတ်ခဲ့သဖြင့် ၎င်းစက်လှေဝမ်းဗိုက်ပေါက်သွားခဲ့ရပြီး ခရီးသည် အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မြောက်ဦးတိုက်ပွဲများနှင့် ပတ်သက်ပြီး ညီနောင်သုံးဖွဲ ထုတ်ပြန်ချက်ထဲတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ခွဆုံအနီးတွင် ရက္ခိုင့်တပ်‌‌‌တော် (AA) နှင့် စစ်ကောင်စီ တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် “မြောက်ဦး ခရိုင်ရဲစခန်း” အား ညနေ (၉) နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းဖြင့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ရက္ခိုင်ပြည်ထဲမှ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များရှိရာ မြောက်ဦးမြို့ရှိ စစ်ကောင်စီ “ခမရ (၃၇၇) တပ်ရင်း” သည် နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်၌ ယမန်နေ့များကဲ့သို့ လက်နက်ကြီးဖြင့် ည (၁၀) နာရီကျော်သည့်တိုင်အောင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါလက်နက်ကြီးများထဲမှ ကျည် (၁) လုံးသည် ဆင်ချဆိပ်ရပ်ကွက်မှ ဟင်းခင်းတစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့သောကြောင့် ၎င်းလက်နက်ကြီးကျည်ပေါက်ကွဲရာနေရာတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေသခံအမျိုးသား (၁) ဦး သေဆုံးခဲ့ရသည်။

လွန်ခဲ့သည့် (၃) ရက်တာအတွင်း၌လည်း စစ်ကောင်စီလက်အောက်ခံ မြောက်ဦးတပ်ရင်းများမှ လက်နက်ကြီးဖြင့် အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးဒေသခံ (၉) ဦး သေဆုံးခဲ့ရကာ (၁၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။



ဒီဇင်ဘာ ၂၆ ရက် ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ် (၁) စီးသည် မြောက်ဦးမြို့ပေါ်ရှိ လူနေအိမ်၊ ရပ်ကွက်များအတွင်းသို့ တမင်တကာ လာရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်ကောင်စီတပ်ပ လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြောက်ဦးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် လေးမြို့စားကျေးရွာ၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့ မှာ မီးလောင်ပျက်စီးခဲ့ရသည်။

ညနေ (၅) နာရီကျော်အချိန်ခန့်တွင်လည်း တောင်ဖြူဆည်နှင့် အနီးဝန်းကျင်နေရာများသို့ စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ကြသည်။

တစ်ဆက်တည်းမှာပင် ယမန်နေ့ ည (၇) နာရီအချိန်ခန့်၌ မြောက်ဦးမြို့အား စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု များကြောင့် စစ်ဘေးရှောင်ပြည်သူများ ခေတ္တခိုလှုံနေသည့် ဘုရားပေါ်ဘုန်းကြီးကျောင်းဝန်းထဲရှိ ဓမ္မာရုံအား ရန်သူမှ ဒရုန်းဖြင့် တမင်ရည်ရွယ်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ကလေးငယ် (၃) ဦး နှင့် သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးခဲ့ရပြီး (၂) ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ဆက်စပ် သတင်းများ