စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပင်လယ်နီတွင်ဖြတ်သန်းသွားသည့် ကုန်တင်င်္ဘောတစ်စီးနှင့် အစ္စရေးရှိပစ်မှတ်များကို ဒရုန်းနှင့် ဒုံးကျည်များအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ယီမင်ဟူသီသူပုန်ပြော


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 864

အီရန်နိုင်ငံက ထောက်ခံအားပေးနေသော ယီမင်မြောက်ပိုင်းရှိ ဟူသီသူပုန်များက ပင်လယ်နီအတွင်း ဖြတ်သန်း သွားလာနေသည့် ကုန်တင်သင်္ဘောတစ်စီးနှင့် အစ္စရေးတောင်ပိုင်းရှိ ပစ်မှတ်များကို ဒီဇင်ဘာ ၂၆ရက်နေ့က ဒုံးကျည် နှင့် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

MSC UNITED အမည်ရှိ ကုန်တင်သင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးတောင်ပိုင်းရှိ ပစ်မှတ်များကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူသီသူပုန်တို့​၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယီမင်မြောက်ပိုင်းရှိ ဟူသီသူပုန်များသည် အစ္စရေးတို့​၏ ဗုံးဒဏ်ခံနေရသော ဂါဇာဒေသရှိ ပါလက်စတိုင်းများနှင့် တစ်သားတည်းရပ်တည်နေကြောင်း ပြသသည့်အနေဖြင့် အစ္စရေးရှိပစ်မှတ်များကို တိုက်ခိုက်နေသလို ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် ကုန်တင်သင်္ဘောများကိုလည်း ပစ်ခတ်တိုက်ခိုက်လျက် ရှိနေသည်ဟုဆိုသည်။

ဟူသီလက်နက်ကိုင်သူပုန်များက ၎င်းတို့သည် အစ္စရေးရှိ ပစ်မှတ်များနှင့် အစ္စရေးနှင့် ဆက်စပ်နေသော ကုန်သင်္ဘောများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဆိုသည်။

အင်္ဂါနေ့ အစောပိုင်းအချိန်က ယီမင်အနောက်ဘက်ကမ်း ဟိုဒိုင်ဒါဆိပ်ကမ်းအနီးတွင် ပေါက်ကွဲသံများကြားရပြီး ဒုံးကျည်များပစ်ခတ်နေသည်ကို မြင်တွေ့ရသည်ဟု ဗြိတိန်ရေကြောင်းကုန်သွယ်ရေးအဖွဲ့ ( UKMTO) က ပြောကြားခဲ့ပြီး ၎င်းတို့​၏ သင်္ဘောနှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိဟုဆိုသည်။

ယီမင်အနောက်ဘက် ဟိုဒိုင်ဒါဆိပ်ကမ်းအနီးတွင် နောက်ထပ်ပေါက်ကွဲမှုကြီး နှစ်ခုကို အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်ကမ်းခြေမှ ကြားကြရပြီး အစ္စရေးစစ်တပ် လေယာဉ်များက ဒုံးကျည်များ ပစ်ခတ်မှုကို ထောက်လှမ်းသိရှိရသည်ဟု ဆိုသည်။

အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်​၏ အဆိုအရ ဟူသီသူပုန်များသည် ပင်လယ်နီအတွင်း ဖြတ်သန်း သွားလာနေသည့် နိုင်ငံ ၃၅ နိုင်ငံနှင့် ဆက်စပ်နေသော ကုန်တင်သင်္ဘော ၁၀ စီးကို ဒရုန်း နှင့် ဒုံးကျည်များဖြင့် အကြိမ်ရေ ၁၀၀ ကျော် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေး​၏ ၁၂% ပမာဏအထိ ကူးသန်းသွားလာနေသည့် (စူးအက်တူးမြောင်းဖြတ်) ပင်လယ်နီရေကြောင်းလမ်းမှာ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး အမေရိကန် ဦးဆောင်ကာ နိုင်ငံစုံပါဝင်သည့် ပင်လယ်နီရေကြောင်းလမ်း ကာကွယ်ရေးရေတပ်ဖွဲ့တစ်ခုကို မကြာမီက ဖွဲ့စည်းခဲ့ရသည်ဟု သိရှိရသည်။ NN-27

ref: cna/Aljazeera

ဆက်စပ် သတင်းများ