ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦး ဆင်ချဆိပ်ရွာသစ်တွင် လက်နက်ကြီးကျည်ထိမှန် သေဆုံးနေသည့် အလောင်းနှစ်လောင်းထပ်တွေ့


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.6k

ရခိုင်ပြည်၊မြောက်ဦးမြို့၊ ဆင်ချဆိပ်ရွာသစ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်ထားသည့် နေအိမ် အပျက်စီးများကြား  အလောင်းနှစ်လောင်းကို ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ ကြောင်းမြို့ခံများကပြောသည်။

အဆိုပါအလောင်းနှစ်လောင်းမှ ဆင်ချဆိပ်ရွာသစ်မှ အသက် ၂၀ ကျော်အရွယ် ကျောင်းဆရာနှင့် သူ၏ မိခင်တို့ ဖြစ်ကြောင်း မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။

" ကျောင်းဆရာတစ်ယောက်နဲ့ သူအမေရဲ့အလောင်းလို့သိရပါတယ်။ လက်နက်ကြီးကြောင့် ပြိုကျနေတဲ့ နေအိမ် အပျက်စီးတွေကြားမှာ တွေ့တာ။ ဒီနေ့မနက်ကတွေ့တော့ အလောင်းတွေက ပုပ်ပွတော့မယ်" ဟု ပြောသည်။


အဆိုပါအလောင်းများမှာ ဒီဇင်ဘာလ ၂၅ ရက်သို့မဟုတ် ယမန်နေ့မနက်ပိုင်းက လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ အလောင်းများကို တွေ့ရှိချိန်တွင် ပုပ်ပွနေသည့် အနေအထားဖြင့်တွေ့ရကြောင်း မြို့ခံများကပြောသည်။

မြောက်ဦးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် တစ်ရက်တည်းအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်၍ မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပု (၅၄) နှစ်၊ ဘုရားပေါ် စစ်ဘေးရှောင်စခန်းက မယုလှိုင်မိုး(၁၀)နှစ်၊ မအေးသန်းကြည်(၁၁)နှစ်၊ မောင်ကျော်မင်းစိုး (၉) နှစ်နှင့် ဒေါ် စိန်ဝါနု (၅၂) နှစ်တို့မှာ သေဆုံးသွားကြပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ပြုလုပ်နေသဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိအနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။(NN-23)

ဓာတ်ပုံ- မြတန်ဆောင်းဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ