စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့်လမ်းများပိတ်ထား၍ ရခိုင်ကကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်မာရေးစောင့်ရှောက်မှု မရဖြစ်နေ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်တွင် ဖြစ်ပွားနေသည့် တကျော့ပြန်စစ်ပွဲကြောင့် စစ်‌ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထား၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုမရဖြစ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ဓမ္မာရုံစစ်ဘေးရှောင်စခန်းမှနေ၍ ကျေးရွာတစ်ရွာသို့ ထွက်ပြေး ခိုလှုံနေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကလည်း ကိုယ်ဝန်ဆောင်စဥ် ကာလအတွင်း ကာကွယ်ဆေးလည်း မထိုးနှံရသေးဖြစ်ကာ ဆေးခန်းလည်း မပြနိုင်သေးသဖြင့် ကလေးအတွက် စိုးရိမ်မိသည်ဟု ပြောသည်။

“ဘယ်က ကာကွယ်ဆေးကို သွားထိုးလို့ရတော့မှာလဲ။ လမ်းပိတ်ထားတော့ တခြားရွာတွေကို သွားပြီး ပြလို့လည်းမရဘူး။ ခုထိ ဗိုက်မအပ်ရသေးဘူး။ ခုက ကိုယ်တောင် ထမင်းတစ်နပ်စားဖို့အတွက် အရမ်း ခက်ခဲနေပါတယ်” ဟုပြောသည်။

ထိုသို့လမ်းပိတ်ထား၍ ကျောက်ဖြူမြို့နယ်‌‌ ကျောက်တလုံး မွတ်ဆင်လင် ဒုက္ခသည်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှုမရဖြစ်နေကာ ကလေး မီးဖွားမည်ဆိုလျှင် အရပ်ထဲမှ လက်သည်များနှင့် မီးဖွားနေရ၍ အန္တရာယ်ဖြစ်နိုင်သည်ဟု အဆိုပါစခန်းမှ အမျိုးသမီးတစ်ဦးကပြောသည်။

“ကလေးမီးဖွားတယ်ဆိုရင်လည်း အရပ်ထဲက လက်သည်နဲ့ပဲ မွေးကြတယ်။ အခုဆိုရင် လမ်းပိတ်ထား‌တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ကျန်းမာရေး စောင့်ရှောက်မှုလည်း မရတော့ဘူး။ အရင်တုန်းက တစ်လတစ်ခါ ဆေးခန်းသွားပြနေရတဲ့သူတွေဆိုရင်လည်း အခု မပြရတော့ဘူး။ ကိုယ်ဝန်ဆောင် အားဆေးဆိုတာလည်း မသောက်ရတော့ဘူး။ ဒီအတိုင်းမွေးရတာပါပဲ။ လုံးဝ မဖြစ်မနေသွားရမယ်ဆိုမှ အသည်းအသန်ဖြစ်နေမှ ကျောက်ဖြူဆေးရုံကြီးကို သွားခွင့်ရပါတယ်” ဟုပြောသည်။

ပြီးခဲသည့် ဒီဇင်ဘာလ ၁၇ ရက်လည်း စစ်တွေမြို့နယ်‌ အောင်တိုင်ကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ လမ်းပိတ်ထား၍ နေအိမ်တွင် ကလေးမွေးဖွားရာမှ အချင်းမကျသည့်အတွက် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် စစ်ဆေးရေးဂိတ် အဆင့်ဆင့်ဖြတ်ကာ လာရောက်ခဲ့ရသည်ဟုလည်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“အချင်းမကျလို့ မနက် ၄ နာရီလောက်မှာ လူမှုကူညီရေးအသင်းတွေနဲ့ချိတ်ဆက်ပြီး စစ်တွေဆေးရုံကိုပို့ခဲ့ရပါတယ်။ ဂိတ်တွေကတော့ အဆင့်ဆင့်စစ်တယ်။ တပ်ထိန်းဂိတ်မှာတော့ အသေအချာ စစ်ဆေးမေးမြန်းတယ်။ အချိန်တွေ မကြာသင့်ဘဲကြာခဲ့ရတယ်” ဟုပြောသည်။

ထို့အပြင် ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကလည်း “ကိုယ်ဝန်ဆောင်တွေကတော့ ကျန်းမာရေး‌စောင့်ရှောက်မှုမရဘူး။ အရင်တုန်းကတော့ လတိုင်း MSF(နယ်စည်းမခြား ဆရာဝန်များအဖွဲ့)ကလာပြီးတော့ ဆေးကုပေးတာတွေ၊ ကာကွယ်ဆေးထိုးပေးတာတွေရှိတယ်။ အခုတိုက်ပွဲစဖြစ်ကတည်းက မရောက်တော့ဘူး” ဟုဆိုသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရက္ခိုင်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ယင်းနေ့မှစတင်ကာ ပိတ်ပင်ထားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက် ညကလည်း ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်းတွင် စစ်ဘေးလာရှောင်သည့် အသက် ၄၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည်လည်း သူတည်းခိုနေသည့်နေအိမ်အတွင်း မီးဖွားစဥ် ကိုယ်ဝန်အဆိပ်တက်မှုကြောင့် မိခင်နှင့်ကလေးပါ သေဆုံးသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီက လမ်းများကို ပိတ်ဆို့ထားသဖြင့် ကုန်စျေးနှုန်းများနှင့်အတူ  အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းမှာလည်း မြင့်တက်နေသဖြင့် ရခိုင်ပြည်သူလူထုများသာမက  ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း အထူးအခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။ (NN-3)

ဆက်စပ် သတင်းများ