စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တိုက်ပွဲကြားက ရင်သွေးကိုပိုက်ပြီး အသက်လုထွက်ပြေးခဲ့ရတဲ့ စစ်ရှောင်အမျိုးသမီးများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 225

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့သည်မှာ ရက်သတ္တပတ် ၃ပတ်ခန့်ရှိလာပြီ ဖြစ်ပါတယ်။ ရသေ့တောင်၊ မောင်တော၊ ပေါက်တော မြို့ပေါ်တွေမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့  တိုက်ပွဲများပြင်းထန်လျှက်ရှိသည့် အခြေအနေများကြောင့် ဒေသခံ ၃သောင်းကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရပါသည်။ မြို့တွေထဲက အများစုသည် ထွက်ပြေးနေကြရပြီး ၎င်းတို့အထဲတွင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသည့်အရပ်သား ဒေသခံအများအပြားမှာလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြားက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အသက်လုပြီးထွက်ပြေးရတဲ့ ပေါက်တောမြို့က အိမ်ထောင်ရှင်မျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။ “အဲဒီနေ့ကပေါက်တောမှာ စစ်လေယာဉ်တွေ၊ နေဗီတွေက လက်နက်ကြီးတွေတောက်လျှောက်ပစ်တာ။အမျိုးသားကလည်း တခြားသူ့အမေ အိမ်ကိုရောက်နေတယ်။ ပြန်လာလို့အဆင်ပြေတော့ဘူး ကျွန်မနဲ့ကလေးနှစ်ယောက်ပဲအိမ်မှာကျန်ခဲ့တယ်။ အကြီးကလေးက ၁၀ နှစ် အငယ်လေးကတော့ ၂ နှစ်ပဲရှိသေးတယ်။ နေ့လည် ၂ နာရီလောက်မှာ ပစ်ခတ်တာခဏရပ်တော့ ရပ်ကွက်ထဲကလူတွေ အကုန်ထွက်ပြေးကြတယ်။ ကျွန်မလည်း ကလေးနှစ်ယောက်နဲ့ ထွက်ပြေးပြီး မြို့ကြုံရာကားကိုတက်စီးပြီး နီစပ်ရာကျေးရွာတစ်ရွာကိုရောက်ခဲ့ရပါတယ်။” လို့ပြောဆိုပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မဈေးကြီးလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုကြောင့် မီးလောင်းကျွမ်းမှုနဲ့ ဒေသခံတွေသေဆုံမှုရှိလာတဲ့အတွက် ပုဏ္ဏားကျွန်းမြို့လုံးနီးပါး ဒေသခံတွေမှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

"ကျွန်မမှာက သမီးလေးတစ်ယောက်ရှိတယ် ၄ နှစ်ပြည့်ပါပြီး အမျိုးသားကတော့ နိုင်ငံခြားမှာသွားရောက်အလေုပ်နေပါတယ်။ အိမ်မှာ အမေနဲ့ သမီးလေးကျန်ပဲကျန်ခဲ့တယ်။ ကျွမ်မကဈေးဆိုင်ရောင်းပါတယ်။ ဈေးကြီးမီးလောင်တယ် လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ့ ကျွန်မ ဆိုင်ကိုထားပြီးအိမ်ကိုပြေးလာရတယ်။ လူတွေအားလုံးလည်းထွက်ပြေးကြတော့ ကျွန်မလည်း အမေနဲ့သမီးလေးကို လက်ဆွဲပြီးထွက်ပြေးခဲ့တယ်။ မြစ်တစ်ဖက်ကိုကူးရတော့ လှေတွေနဲ့ လူတွေကလည်းအများကြီး ညနေဝင်မှာ ထွက်ပြေးတဲ့ရွာကိုရောက်သွားပါတယ်။ ထွက်ပြေးရတဲ့ အခက်အခဲတွေကတော့ ပြောမပြတတ်အောင် အခက်အခဲဖြစ်ရပါတယ်။” လို့လည်း ထွက်ပြေးတိမ်းရှောင်လာရတဲ့ ပုဏ္ဏာကျွန်းမြို့ခံအမျိုးသမီးယောက်ကပြောဆိုပါတယ်။

အဲဒီပြင် မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း စတဲ့မြို့နယ်တွေမှာ နှစ်ဘက်စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံအများအပြားမှာလည်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသူတွေအနေနဲ့ သာဘာရေးအဆောက်အဦတွေမှာ ခိုလှုံနေထိုင်ကြပြီး ထွက်ပြေးတိမ်းရှောင်လာချိန်မှာ စားနပ်ရိက္ခာတွေ သယ်ယူချိန်မရတာကြောင့် လက်ရှိမှာ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ဒုတိယ အပတ် မနက်ပိုင်းကစ၍ စစ်တွေ-ရန်ကုန် ကားလမ်းတစ်လျှောက်နဲ့ ရသေ့တောင်- ဘူးသီးတောင်- မောင်တော ကားလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ထားခဲ့ပါတယ်။ အခုလို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ကျေးရွာဒေသတွေမှာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေပြတ်လပ်နေပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအခက်အခဲဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ 

ယခု ရက်သတ္တပတ် အစောပိုင်းကလည်း ပုဏ္ဏားကျွန်းရှိ စစ်ဘေးရျောင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဉီး မီးဖွားစဉ် ကိုယ်ဝန်အဆိပ်တက်မှု ကြောင့် မိခင်နှင့်ကလေးပါ သေဆုံးသွားခဲ့သည် ။ 

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော်-အေအေ နဲ့ စစ်ကောင်စီတပ်တို့ အလွတ်သဘော အပစ်ရပ်ထားခဲ့ရာကနေ အခုလ နိုဝင်ဘာလ ၁၃ ရက်နေ့တစ်နှစ်မပြည့်ခင်မှာပဲ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။ ရခိုင်မှာ ၂၀၁၈ ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေမှာ ငါးသောင်းကျော်ရှိနေသေးတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းအရသိရပါတယ်။


ဆက်စပ် သတင်းများ