တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျ၍ မွတ်ဆလင်အမျိုးသား၄ဦး သေဆုံး၊ ကလေး၂ဦး အပါအဝင် ၃ ဦးဒဏ်ရာရပြီး နေအိမ်၂လုံး မီးလောင်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျေးရွာတစ်ခုထဲ ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင် အမျိုးသား ၄ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ဦးဒဏ်ရာရရှိသွားကာ နေအိမ် ၂ လုံးလည်း မီးလောင်သွားသည်ဟု သတင်းရရှိသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၈ရက်နေ့ ည ၉နာရီကျော်ခန့်တွင် ဘူးသီးတောင်မြို့နယ် သုံးဆယ်တစ်ဘုံ ဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ  စေတီတောင် (မွတ်ဆလင်) ကျေးရွာတွင်းသို့  လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု စေတီတောင်(ရခိုင်ရွာ)မှ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့ကည ၉နာရီလောက်ကနေ ၁၀နာရီကျော်ထိ တောက်လျှောက် ပစ်ခဲ့တာ။ အပြန်အလှန်ပစ်တာ မဟုတ်ဘူး။ တမင်ပစ်တာ။ ‌ရွာပတ်ပတ်လည်မှာ စစ်တပ်‌ တွေရှိတယ်။ စံဂိုးထောင်မှာ စစ်သားတွေရှိတယ် ၅၅၁ တပ်ရင်းမှာလည်းရှိတယ်။ အဲဒီကနေ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ ပစ်နေတာ " ဟုပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ နေအိမ်၂ဆောင်လည်း မီးလောင်သွားခဲ့ပြီး စပါးတောင်းခြောက်ရာ၊ ခုနှစ်ရာခန့် မီးထဲပါသွားသည်ဟု ပြောသည်။

" ရွာထဲကိုလက်နက်ကျတယ် အိမ်နှစ်လုံးမီးလောင်သွားတယ်။  အိမ်နှစ်အိမ်မှာ တစ်အိမ်ထဲက မွတ်ဆလင်အမျိုးသား၄ယောက်က မီးထဲပါသွားတယ်။ နောက်အမျိုးသမီးတစ်ယောက်ကို ဆွဲထုတ်လို့ရခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာသိပ်ပြင်းတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်။နောက်‌ မီးလောင်တဲ့ တစ်အိမ်က ကလေးတစ်‌ယောက် ဒဏ်ရာရတယ်။ နောက်တစ်‌ယောက်ကတော့  မီး မလောင်တဲ့အိမ်က ကလေးတစ်ယောက် လက်နက်ကြီးကျည်စမှန်လို့ ဒဏ်ရာရသွားပါတယ်" ဟုပြောသည်။



လက်ရှိတွင်ဒဏ်ရာရရှိသည့်  ဦးအနက် အသက်၈နှစ်နှင့် ၁၃နှစ်အရွယ် ယောက်ျားလေး နှစ်ဦးတို့မှာ ဘူးသီးတောင်ဆေးရုံကို ယနေ့ဒီဇင်ဘာ ၂၉ရက် နေ့နံနက် ၇နာရီခန့်က ဆေးကုသရန် ရောက်ရှိနေသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" မနက် ၇နာရီက ဆေးရုံရောက်နေတယ်။ကလေးနှစ်ယောက်ရောက်နေပါတယ်။ မိန်းမတစ်ယောက်ကိုတော့ လာပို့နေ
တာ မရောက်သေးဘူးလို့ သိရတယ်" ဟုပြောသည်။

မီးထဲပါသွားသည့် အမျိုးသမီးမှာ နူတ်ခမ်းနှင့်လျှာများမီးလောင်ကျွမ်းသွားပြီး(စိုးရိမ်ရ)ပြီး နောက်ထပ်ကလေး၂ဦးတွင် ဦးခေါင်းနှင့်ခြေ၊လက်များတွင်ဒဏ်ရာရရှိသွားသည်ဟု ရွာသားများကပြောသည်။

လက်ရှိတွင် ‌စေတီတောင်အုပ်စုမှ  စေတီတောင်(မွတ်ဆလင်)၊ စေတီတောင် (ရခိုင်)ရွာနှင့် ဘိုလီ(မွတ်ဆလင်)ကျေးရွာများမှ ဒေသခံ
များအပြားမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇) ရက် နံနက် (၉) နာရီ (၃၅) မိနစ်အချိန်ခန့
်ကလည်း စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်သောလက်နက်ကြီးကျည် ၂ လုံး စေတီတောင် ရခိုင်ရွာထဲကျ၍ အသက် (၁၃) နှစ်အရွယ် အလယ်တန်းကျောင်းသား (၁) ဦး အပါအဝင် ဒေသခံရခိုင်အမျိုးသမီး (၂) ဦးနှင့် မွတ်ဆလင်အမျိုးသား (၁) တို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုကို ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် (၇) ကြိမ်တိုင်တိုင် တမင်တကာ ရမ်းကားပစ်ခတ်ခဲ့သည်ဟု ဆိုသည်။  ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စေတီတောင် ချောင်းတစ်ဘက်ကမ်းရှိ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကမ်းသို့လည်း လက်နက်ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။  (NN-11)

---------------

ဆက်စပ် သတင်းများ