စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရမ်းဗြဲတွင်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် အထုပ်အများအပြားကို လေထီးဖြင့်ချပေးခဲ့ဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ ရဟတ်ယာဉ်ဖြင့် အစားအစာ၊ ရိက္ခာ၊ စစ်လက်နက်များဟု ယူဆရသည့် အထုပ်များကို လေထီးဖြင့် ချပေးခဲ့ရကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

ဒီဇင်ဘာ ၃၀ရက် နေ့လယ် ၁နာရီခွဲခန့်က  စစ်ကောင်စီ၏ ထောက်ပို့ ရဟတ်ယာဉ် တစ်စီးဖြင့် ရမ်းဗြဲမြို့က နေရာသုံး‌ခုတွင် အထုပ်အများ အပြားကို လေထီးဖြင့် ချပေးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ရမ်းသစ်ချေရွာမှာ ရဟတ်ယာဉ်ပေါ်က ပစ္စည်းတွေ တစ်ခါလာချတယ်၊ ချောင်းနယ်နဲ့ ရမ်းသစ်ချေရွာ ကြားမှာ တစ်ခါချတယ်။ မြို့ထက်မှာလည်း တစ်ခါချတယ်။ လေထီးတွေနဲ့ချတာ။ အထုပ် ၁၀၀လောက်ပါတယ်လို့ခန့် မှန်းရတယ်။ အစားအစာ၊ ရိက္ခာနဲ့ စစ်လက်နက်တွေဖြစ်ဖို့များတယ် " ဟုပြောသည်။

ရမ်းဗြဲမြို့‌‌၊ သိမ်တောင်ကုန်းတွင် ယနေ့ဒီဇင်ဘာ ၃၀ရက် နံနက် ၁၁နာရီခန့်ကနေ နေ့လယ် ၂နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၃ နာရီ အချိန်အထိ သေနတ်သံများကို ကြားခဲ့ရသည်ဟု ရမ်းဗြဲမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။



" ခုလက်ရှိ ညနေ  ၃နာရီထိတိုက်ပွဲဖြစ်နေတုန်းပါ။ ၁၁နာရီကနေစဖြစ်တာမြို့ထဲမှာ ဖြစ်နေတာပါ။ ခုဖုန်းပြောနေတဲ့အချိန်ထိတိုက်ပွဲ ဖြစ်နေတယ်။ လက်နက်ကြီးထုသံတွေ ၂မိုင်လောက်က နေကြားရတယ်" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျည်ကျပြီး နေအိမ်တစ်ချို့မီးလောင်သွားခဲ့သည်ဟု ရမ်းဗြဲမြို့နယ် လက်ပံဝ ကျေးရွာသား တစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" လောင်းချောင်းမှာလည်း လက်နက်ကြီးကျည်ကျလို့ မီးလောင်နေတာတော့သိရတယ်။ မီးခိုးတွေ ထွက်နေတာကို နေ့လယ် ၁၂နာရီ လောက်က ကျနော်တို့ရွာကလှမ်းမြင်နေရတယ်။ ရမ်းဗြဲမှာမြို့က လူတွေရော နယ်ကလူတွေရောထွက်ပြေးနေကြတာဆိုတော့ ပျက်စီးတဲ့ ရွာအခြေနေ သိပ်မသိရသေးဘူး" ဟုပြောသည်။

သို့သော်လည်း အပျက်အစီးအဆုံးရှုံးကို လတ်တလောစုံစမ်း၍ မရနိုင်သေးပါ။

တချိန်တည်းမှာပင် ကလိန်တောင်မြစ်ဖက်မှ နေဗီက လက်နက်ကြီးများပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်စွဲထားသည့်နေရာများမှလည်း ရမ်းဗြဲမြို့ပေါ်နှင့် အနီးအနား ကျေးရွာများကို ပစ်ခတ်‌လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ရမ်းဗြဲတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့မှစ၍ ယနေ့ဒီဇင်ဘာ၃၀ရက်နေ့ထိ တိုက်ပွဲများဆက်လက်ဖြစ်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှလည်း မြို့နှင့်ကျေးရွာတစ်ချို့ကိုဦးတည်၍ လက်နက်ကြီး/ငယ်များဖြင့်နေ့စဉ်ရက်ဆက်ပစ်ခတ်လျက်ရှိသည်ဟုဒေသခံများကပြောသည်။(NN-11) 

ဆက်စပ် သတင်းများ