စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ တိုက်ပွဲဖြစ်နေစဉ် ရဲက ခေါ်ယူခံရသည့် လူငယ်တစ်ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ တိုက်ပွဲဖြစ်နေစဉ် ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူသွားသည့် လူငယ်တစ်ဦး (၅) ရက်ကြာသည် အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုများ အနေဖြင့် လွန်စွာစိုးရိမ်နေကြရသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ အသက်သုံးဆယ်ကျော်အရွယ် အာဦး (ခေါ် )ကိုကျော်နိုင်ဦး (ဘ) ဦးအောင်ကျော်လှိုင် ဖြစ်ကြောင်း သိရသည်။  

ဒီဇင်ဘာ ၂၆ ရက် ညနေ ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီးကျည်တစ်လုံးသည် ကျောက်ရာဇ်ကေ ရပ်ကွက်အတွင်း လူနှစ်ဦး အိမ်စောင့်ကျန်နေခဲ့သည့် အိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးကို ရဲကဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေသည်ဟု မိသားစုများက နိရဉ္စရာသို့ ပြောသည်။

အဲဒီနေ့က ဘေးအိမ်သုံးလေးအိမ်ခြားက မယူကမ်းသစ်ကတိုးကျေးရွာဇာတိ၊ မြောက်ဦးမှာ အိမ်ထောင်ကျနေတဲ့ ကိုညွန့်မောင်ကလာပြီး အဖော်အိပ်ပေးပါတယ်။ အာဦးနဲ့ နှစ်ယောက်ကိုညွန့်မောင်က အောက်ထပ်ကုတင်မှာ အိပ်ပြီး အာဦးက အိမ်အပေါ်ထက်မှာ အိပ်ပါတယ်။  လက်နက်ကြီးကျည်က အောက်ထပ်ကုတင်တည့်တည့် ကိုညွန့်မောင် အိပ်နေတဲ့ နေရာကို ကျပါတယ်။ ကျတဲ့နေရာမှာ သူက သေပါတယ်။ အဲဒီခါ အာဦးက ကိုယ့်အိမ်ကို လက်နက်ကြီး ကျတယ်ဆိုပြီး  မီးတွေကို ဖွင့်လိုက်ပါတယ်။ အဲဒီ အချိန်မှာ ရဲဝတ်စုံနဲ့လို့ ပြောပါတယ်။  ခြောက်ယောက်က ခုနှစ်ယောက်လောက်က တံခါးကို ဖွင့်ခိုင်းပါတယ်။  မဖွင့်ရင် ပစ်သတ်ဖို့လို့ပြောလို့တော့ အာဦးက ဖွင့်ပေးလိုက်ပါတယ်။ သူ့ကို တစ်ခါတည်းဆွဲခေါ်သွားပါတယ်။ ဘယ်စခန်းက ရဲသားတွေ ဆိုတာလည်း မသိလိုက်ရပါ။ အဲဒီအချိန်ကတည်းက အဆက်အသွယ်မရဘဲ သူပျောက်နေပါတယ်ဟု ပြောသည်။

၎င်းအာဦး(ခ) ကျော်နိုင်ဦးမှာ နိုင်ငံရေးကို စိတ်ဝင်စားသူလည်း မဟုတ်ဘဲ အိမ်တွင်နေသူ လူငယ်တစ်ဦးသာဖြစ်ပြီး အပြစ်မရှိသဖြင့် သူ့ကို ပြန်လွှတ်ပေးစေချင်သည်ဟု မိသားစုများက ပြောသည်။

သူ့ကို မေးမြန်းစစ်ဆေးပြီးရင် အမြန်ပြန်လွှတ်ပေးစေချင်ပါတယ်။ သူက နိုင်ငံရေးနဲ့လည်း မပတ်သက်ပါဘူး။ အိမ်စောင့်နေရင်း အဖမ်းခံရတာပါ။ အခုတော့ အဆက်အသွယ်မရတဲ့ အတွက် အရမ်းစိုးရိမ်စရာ ဖြစ်နေရပါတယ်ဟု ပြောသည်။

သေဆုံးသွားသူ ကိုညွန့်မောင်အလောင်းအား နံနက် မိုးလင်းသည်နှင့် အိမ်ပြင်ကို ထုတ်ယူနိုင်ခဲ့ပြီး  ရပ်ကွက်နေ လူများက ဝိုင်းဝန်း သဂြိုလ်နိုင်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ