နှစ်သစ်ဆုတောင်းလွှာ
အားလုံးသာလီစွပါ.....
၂၀၂၃ ကုန်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာအားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြစေဖို့ ဆန္ဒပြုအပ်ပါတယ်။ နိရဉ္စရာသတင်းဌာနဟာ၂၀၂၄ ခုနှစ်မှာဆိုရင် ရပ်တည်ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်း (၂၃) နှစ်ထဲကို ချဉ်းနှင်းဝင်ရောက် လာခဲ့ပြီဖြစ်ပါတယ်။ သတင်းဌာနကို စတင် တည်ထောင်စဉ်ကတည်းက အတတ်နိုင်ဆုံး သတင်းပညာနဲ့ ၇ခိုင်ပြည်သူတွေကို အလုပ်အကျွေးပြုမယ် ဆိုတဲ့မျှော်မှန်းချက်နဲ့အတူ သက်တမ်း ၂၃ နှစ် တာကာလအတွင်းမှာ သိသင့်သိထိုက်တဲ့သတင်းတွေကို သတင်းမီဒီယာ ကျင့်ဝတ်နဲ့ အညီ အမှားအယွင်း အကင်းနိုင်ဆုံးနဲ့ ရေးသား တင်ဆက်ခဲ့ပါတယ်။ဖြတ်သန်းလာရတဲ့ သက်တမ်း တစ်လျှောက်မှာ အကွေ့အကောက်၊ အခက်အခဲ၊ စူးငြောင့်ခလုတ်တွေနဲ့ တွေ့ဆုံ ကြုံတွေ့ခဲ့၇ပေမယ့်ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေကို စေတနာပါပါနဲ့ တစ်နေ့မပျက် တင်ဆက်နိုင်ခဲ့တဲ့ အပေါ်မှာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။
အခု ရောက်ရှိလာတဲ့ ၂၀၂၄ မှာလည်း ကျနော်တို့သတင်းဌာနအနေနဲ့ သတင်းတွေကို ဆက်လက် တင်ဆက်ပြီး စာဖတ်သူတွေကို အကျိုးပြုနိုင်ရေးအတွက်မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လဲ လက်ရှိသတင်းဌာနအနေနနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတချို့ကြောင့်စိတ်ပူပန်မှုတော့ ရှိပါတယ်။ အဓိကတော့ ရခိုင်ပြည်တွင်းမှာ လွတ်လပ်စွာ သတင်းရယူခွင့်ကိုပိတ်ပင်ခံထားရတဲ့အပြင် သတင်းသမားတွေကို ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့် ပြီး ဖမ်းဆီးဖို့စစ်ကောင်စီက လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စစ်တွေမြို့မှာရှိတဲ့သတင်းဌာနရုံးရော၊ သတင်းအလုပ်တွေရော အကုန်လုံး ရပ်ဆိုင်းခဲ့ရပါတယ်။ လက်ရှိစစ်တွေမှာကျန်ရှိနေတဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးဖို့ ထပ်မံ လိုက်ရှာလာတဲ့အတွက် စစ်တွေမြို့ကနေတိမ်းရှောင်ပြီး လွတ်မြောက်နယ်မြေတွေကနေ သတင်းတွေကို ခဲရာခဲဆစ် ရယူတင်ဆက်နေ၇ပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် ၂၀၂၄ ဟာ အရေးကြီးတဲ့နှစ်၊ တိုင်းပြည်အလှည့်အပြောင်းဖြစ်နိုင်တဲ့နှစ်မို့ အချိန်နဲ့ တစ်ပြေးညီ သတင်းတွေကို စာဖတ်သူတွေဆီကိုမှန်မှန်ကန်ကန် ဘက်လိုက်မှုကင်းကင်းနဲ့ ကြိုးစားတင်ပြသွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
၂၀၂၄ ခုနှစ် ရခိုင်စစ်ပွဲကတော့ ပိုမိုပြင်းထန်လာနိုင်တဲ့ အနေအထားရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့စစ်ရဲ့ ဆိုးကျိုးတွေကို ဆက်လက်ကြုံတွေ့ကြရအုံးမှာ ဖြစ်တယ်လို့ သုံးသပ်လို့ ရနိုင်ပါတယ်။အထူးသဖြင့် စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ရခိုင်ပြည်သူတွေအပေါ်မှာ စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပိုပြီးလုပ်လာနိုင်တဲ့ အနေအထားရှိနေပါတယ်။မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်သူတွေအနေနဲ့ ဒီအခက်အခဲတွေကို စည်းလုံးညီညွတ်စွာနဲ့ တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီပြီး အမျိုးသားရက္ခိတတရားကို လက်ကိုင်ထားကာ ပူးပေါင်းဆောင်ရွက်ကြရင်အောင်မြင်ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီကနေ့ ရခိုင်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့်အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်နစ်နာခဲ့ရသူတွေ အပေါ်မှာလည်း များစွာကိုယ်ချင်းစာနာမိကြောင်းပြောကြားလိုပါတယ်။ ဒါပေမယ့်လည်း ရခိုင်ဖြစ်နေတဲ့ စစ်ပွဲအပေါ်မှာ အထူးစိတ်မပျက်ကြဖို့နဲ့အတိုင်းထက် အလွန်လည်း အကြောက်မလွန်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ဒီစစ်ပွဲတွေဟာရခိုင်ပြည်တစ်ခုတည်းမှာ ဖြစ်နေတာမဟုတ်ဘဲ မြေပြန့်တောင်ပေါ် မြန်မာတစ်နိုင်ငံလုံး နေရာမလပ်ဖြစ်ပွားနေတဲ့ (ရှောင်လွှဲလို့မရတဲ့) စစ်ပွဲတွေဘဲ ဖြစ်ပါတယ်။ ရခိုင်ပြည်မှာဖြစ်လာရတဲ့စစ်ပွဲကတော့ အမျိုးသားဆိုင်ရာ ၇ပိုင်ခွင့်တွေ လုံး၀ ဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပေါ်လာရတဲ့စစ်ပွဲလို့ ယေဘူယျ သုံးသပ်ပြောဆိုလို့ရပါတယ်။ ဒါကြောင့် ဒီနေ့ဖြစ်နေတဲ့ စစ်ပွဲတွေအပေါ်မှာမှန်မှန်ကန်ကန် ရှုမြင်ကြဖို့နဲ့ စစ်ပွဲကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ အပေါ်မှာလည်းရခိုင်တစ်မျိုးသားလုံးအနေနဲ့ အမျိုးသာရေးအသိ၊အမျိုးသားရေးအမြင်နဲ့ အားလုံး ဝိုင်းဝန်းရပ်တည် ဖြေရှင်းကြဖို့ကိုလည်း အလေးနက်ထားတိုက်တွန်းလိုပါတယ်။
နိရဉ္စရာသတင်းဌာနအနေနဲ့လည်း ၂၀၂၄ မှာ ကုန်လွန်သွားခဲ့တဲ့နှစ်တွေအထက် အထူးကြိုးစားပြီး သတင်းတွေကို မီဒီယာ ပလက်ဖောင်းမျိုးစုံကနေ အရည်အသွေးကောင်းကောင်းနဲ့ထုတ်လုပ်ဖို့ သံဓိဌာန်ချထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၄ ဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊စည်ပင်၀ဖြိုးမှုစတဲ့ ကောင်းမြတ်တဲ့ လက်ဆောင်မွန်တွေကို ၇ခိုင်လူ့ဘောင်အတွက် ဆောင်ယူလာမယ့်နှစ်တစ်နှစ်ဖြစ်လိမ့်မယ်လို့ယုံကြည် မျှော်လင့်ထားပါတယ်။