စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

(၂၃၉) နှစ်မြောက် ရက္ခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ဂျပန်နှင့် ကိုးရီးယားနိုင်ငံရောက် ရခိုင်အမျိုးသားများပူးပေါင်းကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ဒီဇင်ဘာ၃၁ ရက်နေ့တွင်ကျရောက်သည့် (၂၃၉ )နှစ်မြောက် ရက္ခိုင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ဂျပန်နှင့် ကိုးရီးယားနိုင်ငံရောက် ရခိုင်အမျိုးသားများက ပူးပေါင်း ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

ရက္ခိုင်အစည်းအရုံး-ဂျပန်တာဝန်ရှိသူ တစ်ဦးက ခိုင့်အချုပ်အခြာအာဏာ အောက်မေ့ဖွယ် အခမ်းအနားကို ဂျပန်နိုင်ငံရောက် ရခိုင်တွေနဲ့ ကိုးရီးယားနိုင်ငံရောက် ခိုင်လူမျိုးတွေ တပြိုင်တည်  စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်ဟု ပြောကြားသည်။

ရက္ခိုင်အစည်းအရုံး-ဂျပန် Arakan Union-Japan နှင့် ရက္ခိုင်အမျိုးသားကွန်ရက်-ကိုးရီးယား United Arakan Network-Korea တို့ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်-ကိုးရီးယားရောက် ရခိုင် လူမျိုး၄၀၀ခန့် စုပေါင်း၍ အွန်လိုင်းမှအတူတကွ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

"ကျနော်တို့ ဒီအခမ်းအနားကို ရက္ခိုင်လူမျိုးတွေ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ့်အချုပ်အခြာအာဏာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်စွာ သီးခြားနေလာခဲ့တာကို မမေ့ရလေအောင်နဲ့  အောက်မေ့ တိရနေအောင် ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ မဟာသမ္မတရာဇာမင်းလက်ထက် ၁၁၄၆ခုနှစ်မှာ ရက္ခိုင်နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာ ဗမာမင်းမောင်ဝိုင်းလက်ထဲ ကျဆုံးသွားတာ နှစ်ပေါင်း ၂၃၉နှစ် ပြည့်သွားပြီ။ ၂၄ဝပြည့်နှစ်မှာ ရက္ခိုင့်အချုပ်အချာအာဏာ ရက္ခိုင်လက်ထဲ ပြန်ရောက်ချင်ပါပြီ"ဟု ရက္ခိုင်အစည်းအရုံး-ဂျပန် တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။



အာရက္ခအမျိုးသားကွန်ရက်-ကိုးရီးယား၏ တာဝန်ရှိသူတစ်ဦးကလည်း  "ရက္ခိုင့်အချုပ်အခြာ အာဏာကျရှုံးခြင်း အခမ်းအနား ကျင်းပရခြင်းဟာ ဒီနှစ်နောက်ဆုံးဖြစ်ပြီး ရှေ့လာမယ့်နှစ်သစ်မှာ ၀မ်းနည်းစရာအခမ်းအနားတွေအဆုံးသတ်ပြီး အာရက္ခတစ်မျိုးသားလုံး အတွက် ၀မ်းသာပျော်ရွှင်ရမယ့် အခမ်အနားမျိုးကို ကျင်းပပြုလုပ်နိုင်ဖို့ လွပ်လပ်ပြီးအချုပ်အခြာအဏာပိုင်ဆိုင်တဲ့ အာရက္ခနိုင်ငံကို အမြန်ဆုံးပြန်လည်ရရှိချင်ပါတယ်" ဟုပြောကြားခဲ့သည်။

၎င်းအခမ်းအနားသို့ အာရက္ခပြည်တာဝန်ရှိခေါင်းဆောင်များမှလည်း အွန်လိုင်းမှတက်ရောက်ကာ မိန့်ခွန်းအမှာစကားများပြောကြား၍ ကိုးရီးယား-ဂျပန်ရောက် ရခိုင် လူထုမှ သိလိုသည့်မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊  မြောက်ဦး ခေတ် ၄ ခေတ်ဖြင့် နှစ် ၅၀၀၀ အ ထိ ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်စွာ နေထိုင်လာသော တိုင်းပြည်တစ်ဖြစ်ကြောင်း ရခိုင်သမိုင်းအရသိရသည်။ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရခိုင်ဘုရင့် မင်းနေပြည်တော် မြောက်ဦးမြို့ကို ဗမာပဒေသရာဇ်ဘုရင်တပ်က ဝင်ရောက် ကျူးကျော်သိမ်းပိုက်ခဲ့ရာမှ ထီးကျိုးစည်ပေါက် မင်းဆက်ပျောက်ကာ ရခိုင်တို့၏ အချုပ်အခြာအာဏာကျဆုံးပြီး လွတ်လပ်ရေးသည်လည်း ဆုံးရှုံခဲ့ရသည်။   

ဆက်စပ် သတင်းများ