စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရက္ခိုင်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တောင်ရှည်တောင်ဗျူဟာကုန်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီမှ လေယာဉ်များဖြင့်ပစ်ကူတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အထက်ပိုင်း တင်းမရွာ အခြေစိုက် တောင်ရှည်တောင် ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်(AA)မှ ထိုးစင်ဆင်တိုက်ခဲ့ရာနေရာ စစ်ကောင်စီဘက်မှ လေယာဉ်ပစ်ကူ၊ ရဟတ်ယာဉ်ပစ်ကူများဖြင့် အားဖြည့်တိုက်ခိုက်နေ၍ တိုက်ပွဲမှာ ယနေ့နံနက်အချိန်တွင် အထူး ပြင်းထန်ကြောင်း သတင်းရရှိသည်။ 

၎င်းတိုက်ပွဲမှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ယမန်နေ့ ဒီဇင်ဘာ ၃၁ရက်နေ့ ည ၆ နာရီခန့်မှ စတင်ပြီး အလွန်ပြင်းထန်နေကာ  ယနေ့ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၁၁နာရီခွဲထိ ဗုံးကြဲသံ၊  အမြောက်သံများကို အဆက်မပြတ် ကြားနေကြောင်း  ကျောက်တော်မြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

 

“ တောင်ရှည်တောင်ပွဲစဥ်က မနေ့ည ၆နာရီကနေတိုက်ပွဲပိုပြင်းထန်နေတယ်။ မနေ့က ည ၆နာရီကျော်ကနေ ည ၉ နာရီထိ စကခ ၉ က လက်နက်ကြီးတွေနဲ့ ပစ်ကူတယ်။ တစ်ညလုံး ပေါက်ပေါက်ဖောက်သလိုကြားရတယ်။ ဒီနေ့လည်း မနက် ၅ နာရီကနေ ဆက်ပစ်တယ်။  တောင်ရှည်တောင်ကလည်းလက်နက်အကြီးတွေနဲ့ ပြန်ခုခံ ပြန်ပစ်သံတွေကို ကြားရတယ်။ ဒီနေ့ စခန်းသိမ်းတိုက်ပွဲပုံစံမျိုးဖြစ်မယ်ထင်တယ်”ဟုပြောသည်။

 

ယနေ့ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၉နာရီခန့်တွင်  ဂျက်ဖိုက်တာ တစ်စီးဖြင့်လာရောက်ပစ်ကူပေးနေပြီး နံနက် ၁၀ နာရီခန့်တွင် ရဟတ်ယာဉ်တစ်စီးဖြင့် စခန်းမကျရန် လာရောက်ပစ်ကူပေးခဲ့သည်ဟု ကျောက်တော် ဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

 

“၉ နာရီလောက်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာပစ်တယ်။  ၁၀နာရီကျော်လောက်က ရဟတ်ယာဉ် တစ်စီးနဲ့ ပျံဝဲ ပစ်နေတာကိုမြင်ရတယ်။ ကျောက်တော်မြို့ထဲမှာတော့ အခြေအနေ ငြိမ်နေတယ်။ မြို့ခံ ၈၀ ရာခိုင်နူန်း လောက်ကတော့ မြို့မှာ မရှိတော့ဘူး။ ထွက်ပြေးသွားကြပြီ”ဟုပြောသည်။


တင်းမရွာသား ၂၀ ခန့်ကို ဖမ်းဆီးပြီး သတ်ဖြတ် အစဖျောက်ထားသည့် စစ်ကောင်စီ တောင်ရှည်တောင် ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာလ ၂၅ရက်က စတင်ပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်ဖက်မှ အပြင်းအထန်ကြိုးစားနေပြီး လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိနေသလို  တောင်ရှည်တွင် ဗျူဟာကုန်းရှိ ကာကင်းစခန်းငယ်အချို့ကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု ဒေသခံများကပြောသည်။

 

ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ညအချိန်ကလည်း လေယာဉ် (၂)စီးမှ ဆက်လာရောက်ပစ်ခတ်ခဲ့ပြီးဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ထပ်မံပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်၌ ကျောက်တော် မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ “စကခ (၉)” မှ တောင်ရှည်တောင်အနီးသို့ အတွဲလိုက်ဒုံးများဖြင့် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

 

ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေသဖြင့် ၎င်းကျေးရွာများ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း မနေ့က သတင်း ထုတ်ပြန်ထားသည်။

 

အဆိုပါစစ်ကောင်စီ၏ ဗျူဟာကုန်းသည် ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိပြီး လက်နက်ကြီးများဖြင့် အရပ်ပြည်သူများအား ပစ်ခတ် တိုက်ခိုက်နေသော စခန်းတစ်ခုဖြစ်ကြောင်း၊  စစ်ကောင်စီအနေဖြင့် ၎င်းဗျူဟာကုန်း မကျဆုံးစေရေးအတွက် လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန်ခုခံလျက်ရှိကြောင်းလည်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ချက်ဖော်ပြထားသည်။(NN-11)

 

ဆက်စပ် သတင်းများ