စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တပ်မှ ဖမ်းဆီးပြီး ပြန်လွတ်လာသူကျောက်တော်စစ်ဘေးရှောင်တစ်ဦး ဦးခေါင်းတွင်ဒဏ်ရာရလာ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ  စပါးရိတ်နေစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်ဘေးရှောင် ဦးမောင်သန်းဝေ (၄၃) နှစ်သည်  ၂ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာသော်လည်း ဦးခေါင်းတွင် ဒဏ်ရာရရှိလာသည်ဟု အိမ်ရှင်မဖြစ်သူက ပြောသည်။

သူ့ကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် မဟာမုနိဘုရားပေါ်မှ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ပြောသည်။

" ဖမ်းထားတဲ့အခါ  မင်းအေအေ လားလို့ မေးပါတယ်တဲ့။ ကျွန်မ ယောကျ်ားက မဟုတ်ဘူးလို့ ပြောတာပေါ့။ မဟာမုနိဘုရား​ပေါ်မှာထားတာပါ။ ခြေထောက်တွေ၊ လက်တွေကို ကြိုးနဲ့ ချည်ထားတယ်။ မျက်လုံးကို ပိတ်စနဲ့ပိတ်ထားတယ်။ ဖမ်းစတုန်းကတော့ရိုက်တယ်။  ပြီးရင် ဘုရားပေါ်ခေါ်သွားတယ်။ ဟိုရောက်သွားတော့ မရိုက်တော့ဘူးလို့ ပြောပါတယ်။ ဦးခေါင်းမှာ ဒဏ်ရာရလာတယ်။"

ဦးမောင်သန်းဝေ၏ ဦးခေါင်းမှဒဏ်ရာသည် မပြင်းထန်သော်လည်း လက်ရှိတွင် သူ၏ အစ်မတော်စပ်သူနှင့်အတူ ညောင်ချောင်းကျေးရွာရှိ ဆေးဆရာတစ်ဦးထံတွင် ဆေးကုသနေကြောင်း သိရသည်။

၎င်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်အချိန်တွင် မဟာမုနိလေယာဥ်ကွင်း အနီးတွင်ရှိ စပါးခင်းတွင် စပါးရိတ်နေစဥ် စစ်ကောင်စီမှ အေအေဟု စွပ်စွဲကာ ကြိုးတုတ်ရိုက်ပုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဖမ်းခံရသူ မိသားစုသည် ကျောက်တော်မြို့နယ် မာလာကျေးရွာမှဖြစ်ပြီး ညောင်ချောင်း စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ကာ ကျပန်းလုပ်ကိုင်စားသောက်​နေသူတစ်ဦး ဖြစ်ကြောင်းလည်းသိရသည်။ (NN-13)

ဆက်စပ် သတင်းများ