သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့လူနေရပ်ကွက်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး ၁ဦး သေဆုံး၊ ၆ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့ လူနေရပ်ကွက်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး ၁ဦးသေဆုံးကာ ၆ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်မှ ဒေါ် ဦးသိန်းနု (၅၀)နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသွားသူ ၆ဦးမှာ ရွှေဂူတောင်ရပ်ကွက်မှ ဦးဝင်းမြင့်အောင်(၅၉)နှစ်၊ ဦးငဖြူတောင် (၅၀)နှစ်၊ ဦးဝင်းဌေး(၄၁)နှစ် ၊ မငြိမ်းဝင်း (၂၂)နှစ်၊ ဒေါ်ခင်မေသိန်း(၅၄)နှစ်နှင့် ကိုမင်းသိန်းစိုး(၁၈) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၁ရက်၊ ညနေ ၇ နာရီခွဲအချိန်ခန့်က မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲစစ်ကောင်စီတပ် ခမရ ၅၄၀ တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ရွှေဂူတောင်ရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့ရာမှ အိမ်တွင် အေးဆေးစွာနေထိုင်သူတစ်ဦး အလိုလိုနေရင်း သေဆုံးသွားခဲ့ရသည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

"အမျိုးသမီး ၁ဦးက ပွဲချင်းပြီးဆုံးသွားတယ်။ သူ့ဟာသူ အိမ်မှာနေတာ။ အဲ့ဒီရပ်ကွက်က ၆ယောက်လည်း ကျည်စထိတယ်။ တင်ပါး၊ ရင်ဘတ်တွေ ခြေထောက်တွေမှာဒဏ်ရာရကြတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းပါပါတယ်" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရရှိသူ ၆ဦးကို မြောက်ဦးမြို့နယ်၊ တိန်ညိုဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ဇန်နဝါရီလ ၁ရက်နေ့အထိ စစ်ကောင်စီကပစ်ခတ်သော လက်နက်ကြီး ကျည်ကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း နိရဉ္စရာက ကောက်ယူထားသည့်စာရင်းများအရ သိရသည်။(NN-12)

ဆက်စပ် သတင်းများ