စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ မင်းပြားမြို့မဈေးကြီး၊ ဆေးရုံကြီးအနီးနှင့် လူနေရပ်ကွက်များ၌ ကျရောက်ပေါက်ကွဲ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 854

ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက်အစောကြီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် မင်းပြားမြို့မဈေးကြီး၊ ဆေးရုံကြီးအနီးဝန်းကျင်နှင့် လူနေရပ်ကွက်များတွင် ကျရောက် ပေါက်ကွဲပြီး ပျက်စီးမှုအချို့ရှိကြောင်း မြို့ခံများက နိရဉ္စရာသို့ ပြောသည်။

မင်းပြားမြို့ခံအမျိုးသမီးတစ်ဦးက " လက်နက်ကြီးပစ်တဲ့ အသံကို မနက် ၃ နာရီ ဝန်းကျင်ကပဲ စကြားပါတယ်။ မင်းပြားမြို့၊ ကျိန်းတောင်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။ တစ်နာရီကျော်လောက်ထိ ပစ်ခဲ့တယ်။ ဘာတိုက်ပွဲမှ မရှိဘဲ လူနေ ရပ်ကွက်ထဲကို ခြောက်လှန့်ပစ်ခတ်နေတာပါ"ဟု သူမကပြောသည်။

လက်နက်ကြီးကျည်များသည်  မင်းပြားမြို့ဈေးကြီးအဆောက်အအုံ၏ ခေါင်မိုးကို ကျရောက် ပေါက်ကွဲခဲ့သလို မင်းဘာကြီးရပ်ကွက်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့​ကြောင်း မင်းပြားမြို့ ခံလူငယ်တစ်ဦးကပြောသည်။


" မြို့မဈေးကြီးကိုလည်း လက်နက်ကြီးကျည်ကျတယ်။ မင်းဘာကြီးရပ်ကွက်ထဲမှာလည်း နေအိမ်တလုံးကိုကျပြီးပျက်စီးသွားပါတယ်" ဟု ၎င်းက ပြောသည်။

အလားတူ လက်နက်ကြီးကျည်များမှာ မင်းပြားဆေးရုံကြီးအနီးဝန်းကျင်နေရာများကိုကျ​ရောက်ပေါက်ကွဲပြီး ကုက္ကိုပင်နှင့် သစ်ပင်ကြီးများ ကျိုးပိုင်းပျက်စီးခဲ့ကြောင်း၊ ကျီးဖြူ ကျေးရွာ ထဲသို့လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

“ အခု စစ်တပ်ရဲ့ ပစ်မှတ်က ရခိုင်ပြည်သူဘဲ။ အေအေကို သွားလည်းမတိုက်ဘူး။ သွားလည်း မသွားရဲဘူး။ အေးအေးဆေးဆေးနေတဲ့ ပြည်သူတွေ​ကိုဘဲ ပစ်မှတ်ထားနေတာ။ အရပ်သားပြည်သူတွေလည်း နေ့တိုင်းသေနေတယ်။ ဒါပေမယ့် သူတို့က ပစ်နေတုန်းဘဲ။ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး”ဟု ပြောဆိုသည်။

ယနေ့မနက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်နှင့် ပြည်သူပိုင်အဆောက်အအုံ တချို့ပျက်စီးခဲ့သော်လည်း  လူနှင့်တရိစ္ဆာန်များထိခိုက်မှု သတင်းကို မသိရှိရသေးဟု ၎င်းက ပြောသည်။


မင်းပြားမြို့၊ကျိန်းတောင်ရှိ စစ်ကောင်စီတပ်သည် မင်းပြားမြိုပေါ်နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်၍ မြို့နေလူထုမှာ မြို့ပေါ်မှဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

မင်းပြားနှင့်မြောက်ဦးကြားရှိ စစ်ကောင်စီတပ်၏ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေချိန်ကလည်း တောင်အောက်ကိုတောင် မဆင်းရဲဘဲ ကျိန်းတောင်ထက် လူနေကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ပြောဆိုကြသည်။

ဇန်နဝါရီ ၁ ရက်နေ့ကလည်း ိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့ လူနေ ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး ၁ဦးသေဆုံးကာ ၆ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်မှ ဒေါ် ဦးသိန်းနု (၅၀)နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသွားသူ ၆ဦးမှာ ရွှေဂူတောင်ရပ်ကွက်မှ ဦးဝင်းမြင့်အောင်(၅၉)နှစ်၊ ဦးငဖြူတောင် (၅၀)နှစ်၊ ဦးဝင်းဌေး(၄၁)နှစ် ၊ မငြိမ်းဝင်း (၂၂)နှစ်၊ ဒေါ်ခင်မေသိန်း(၅၄)နှစ်နှင့် ကိုမင်းသိန်းစိုး(၁၈) နှစ်တို့ဖြစ်ကြောင်းသိရသည်။

(NN-23)

(ဓာတ်ပုံ- မူရင်းရိုက်ကူးသူကို Credit ပေးပါသည်။)

ဆက်စပ် သတင်းများ