စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

အနောက်ပိုင်းတိုင်းတည်ရှိရာအမ်းမြို့နှင့် စကခ(၉) တည်ရှိရာ ကျောက်တော်မြို့တို့တွင် မြို့ပေါ်တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်၍ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးရှောင်တိမ်းနေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

အနောက်ပိုင်းတိုင်းတည်ရှိရာအမ်းမြို့ အနီးဝန်းကျင်နှင့်စကခ(၉) တည်ရှိရာ ကျောက်တော်မြို့တို့တွင်မြို့ပေါ် တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်၍ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးရှောင်တိမ်းနေရသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့အနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ထိုးစစ် ဆင်တိုက်ခိုက်နေသည့် တင်းမ (တောင်ရှည်တောင်) ဗျူဟာစခန်းကုန်းအနီးကို စစ်ကောင်စီတပ်၏  ကျောက်တော် အခြေစိုက် စကခ(၉) မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ် MRLS ဒုံးကျည်များဖြင့် ပစ်ခတ်မှုများရှိသဖြင့် မြို့ပေါ်တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်ပြီး ဒေသခံများနှင့် မြို့ခံများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ဘေးလွတ်ရာနေရာများသို့ ရှောင်တိမ်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

ရှောင်တိမ်းနေကြသည့် ဒေသခံများမှာ ကျောက်တော်မြို့ရှိ မြို့သစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ရှမ်းရွာရပ်ကွက်နှင့် ပိုက်သည်ရပ်ကွက်တို့မှ ဒေသခံများဖြစ်ကြောင်းသိရသည်။


"ကျောက်တော်မြို့ထဲမှာက လောလောဆယ်အခြေအနေကောင်းတယ်။ ဒါပေမဲ့ စစ်ရေးစစ်ရာ အခြေအနေတွေကို ဘယ်သူမှ မှန်းဆလို့မရဘူး။ အခုက မြို့သိမ်းတိုက်ပွဲတွေဘဲ ဆက်တိုင်း ဖြစ်နေတာဆိုတော့ ကြောက်လန့်ပြီး ရှောင်နေကြတယ်။ မြို့ထဲမှာက တချို့တဝက်မရှိတော့ဘူး" ဟု ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။

အလားတူ အမ်းမြို့တွင်လည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်နေ့က အမ်းမြို့နယ်ရှိ ကဇူးကိုင်းအုပ်စုနှင့် ဒါးလက်အုပ်စုရှိ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရယူထားသည့် စခန်းများကို စစ်ကောင်စီက  လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့်ဗုံကြဲချခြင်း၊ မြို့ရှောင်လမ်းနှင့် လူနေ  ရပ်ကွက်များ အထိ ဝင်ရောက်နေရာယူကာ ဂိတ်စခန်းချခြင်း၊ စစ်ကြောင်းများ သွားလာခြင်းစသည့် စစ်ရေး လှုပ်ရှားမှုတို့ကိုပြုလုပ်နေသည့်အတွက် မြို့ပေါ်တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ဒေသခံများမှာ ဘေးလွတ်ရာကိုစတင်ရှောင်တိမ်းနေကြသည်ဟု သိရသည်။


"အမ်းမှာက မြို့ကလူတွေ ရှောင်လို့မရဘူး။ မြို့ခံတွေကို ထွက်ပေါက်မရအောင် စစ်တပ်က လမ်းတွေ ပိတ်ထားတယ်။ ပြောရရင်တော့ စစ်တပ်က မြို့ခံတွေကို လူသားဒိုင်းကာ အဖြစ်အကာအကွယ်ယူထားတာ။ မြို့အနီးအနားကလူတွေကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရှောင်နေကြတယ်။ အခုလည်း အခြေအနေတွေကို ကြည့်ပြီး ဘေးလွတ်မယ်ထင်ရတဲ့နေရာတွေကို ရှောင်နေကြတယ်" ဟု အမ်းမြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့မှစတင်ကာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေသော မြို့သိမ်းတိုက်ပွဲများကြောင်း ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့မှ ဒေသခံသောင်းနှင့်ချီကာ နေရပ်အိုးအိမ်စွန့်ခွာလျက် ဘေးလွတ်ရာတွင် ရှောင်တိမ်းနေကြရသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တတိယအကြိမ်မြောက်ဖြစ်ပွားသည့် တကျော့ပြန်တိုက်ပွဲကြောင်း ယခင်စစ်ဘေးရှောင် ၅ သောင်းကျော်အပါအဝင် လက်ရှိ ၃သိန်းကျော်အထိရှိနေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ စုံစမ်းသိရသည်။(NN-12)

ဓာတ်ပုံ - ဆိုရှယ်မီဒီယာ(ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ရက်နေ့က မြောက်ဦးမြို့မှ ဘေးလွတ်ရာကို ရှောင်းတိမ်းလာသူများ)

ဆက်စပ် သတင်းများ