စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေး၁ဦးအပါအဝင် ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်  နှစ်လုံးမှာ လူနေကျေးရွာထဲ ထိမှန်ပေါက်ကွဲ၍ ကလေး၁ဦးအပါအဝင် ၂ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာမျောက်တောင်ကျေးရွာမှ မောင်ဉာဏ်ဟိန်း (၃)နှစ်နှင့် ကိုမောင်ဗြား (၂၂)နှစ် တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာဒေါ်ပြားမ (၆၈)နှစ် ၊ အသက် ၄၁နှစ်အရွယ် ဒေါ်လှနုယိုင် (၄၁) နှစ်၊  ဒေါ်ဦးညွှန့်စိန် (၆၂) နှစ်၊ ဒေါ်ဌေးဌေး (၃၉) နှစ်နှင့်  ဦးကျော်သန်းလှိုင် (၃၁) နှစ်တို့ဖြစ်ကြောင်းသိရသည်။

ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေး‌ရွာတွင် တပ်မ စကခ(၉)မှ ပစ်ခတ်လိုက်သည့် နေ့လယ် ၁နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး၊  ညနေ ၃ နာရီတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျောက်တော် ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" စကခ ၉ တပ်မက မနက်အရုဏ်တက် ၄နာရီအချိန်ကတည်းက လက်နက်ကြီးတရစပ် ပစ်နေတာ တောင်ရှည်တောင်ဖက်ကို။ လေယာဉ်တွေနဲ့လည်းဗုံးကြဲတိုက်ခိုက်တယ်။ ခု နေ့လယ် တစ်နာရီ ကျော်လောက်မှာ တပ်မကပစ်တဲ့ လက်နက်တစ်လုံးရွာထဲကိုကျလို့ လူကြီးသုံးယောက် ဒဏ်ရာရတယ်။ ညနေ ၃ နာရီလောက်မှာ တစ်လုံးကျပြီး ကလေးတစ်ဦး၊ အမျိုးသားတစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရပါတယ် " ဟုပြောသည်။

လူသေဆုံးမှုသည် ညနေ ၃ နာရီဝန်းကျင်တွင် ကျလာသည့် လက်နက်ကြီးကျည်ပေါက်ကွဲရာမှ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

" ဒုတိယ ညနေ နှစ်နာရီကျော်၊ သုံးနာရီ ဝန်းကျင်လောက်မှာဘာပစ်သံမှ မကြားပဲ ရွာထဲကိုကျလာတာ။ ကလေးတစ်ယောက်နဲ့ လူငယ်တစ်‌ယောက်သေသွားပါတယ်။ ကျန်နှစ်ဦးဒဏ်ရာရတယ်" ဟုပြောသည်။

ဒဏ်ရာရရှိသူများကို မျောက်တောင်ကျေးရွာ၏ကျေးလက်ဆေးခန်းကို ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်ကောင်စီ၏လက်နက်ပစ်ခတ်မှုကြောင့်နိုဝင်ဘာလ ၁၃ ရက်မှ ဇန်နဝါရီလ၂ရက် နေ့အထိ  အရပ်သား သေဆုံးသူ ၅၀နီးပါး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ကျော်အထိရှိလာခဲ့ကြောင်းသိရသည်။(NN-11) 

ပုံစာ- သေဆုံးသွားသည့် ကလေးငယ်အား မိခင်ပွေ့ဖက်ထားသည်ကို အတူတွေ့ရစဉ်။

ဆက်စပ် သတင်းများ