ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တပ်ဖမ်းဆီးခဲ့သည့် တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြို့ခံ ၁၁ ဦးပြန်လွတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

( စစ်ကောင်စီကို ငွေကျပ်သိန်း ရာနှင့်ချီပေးရဟုလည်း မြို့ခံများကြားသတင်းထွက်နေ)

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလထဲက တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြို့ခံ ၁၁ ဦးမှာပြန်လွတ်လာပြီဟု သတင်းရရှိသည်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်တစ်ရက်တည်းတွင် တောင်ကုတ်မြို့မှ စတိုးဆိုင်ပိုင်ရှင်၊ စက်သုံးဆီဆိုင်ပိုင်ရှင်၊ရွှေဆိုင်ပိုင်ရှင်အပါအဝင် မြို့ခံ ၁၁ ဦးကို နေအိမ်များကို  ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးခံရသူများကို ဒီဇင်ဘာလနောက်ဆုံးပတ်တွင်စစ်ကောင်စီကပြန်လွှတ်ပေးနေပြီး စက်သုံးဆီဆိုင်လုပ်ငန်းရှင် ကိုပေါက်စနှင့် ဆုလက်ဘက်ရည်ဆိုင် ကိုအေးလွင်တို့နှစ်ဦးမှာ ယမန်နေ့ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်တွင် နောက်ဆုံးလွတ်မြောက်လာကြောင်း တောင်ကုတ်မြို့ခံ တစ်ဦးကပြောသည်။

 " မနေ့ကတော့ ကိုပေါက်စနဲ့ကိုအေးလွင်တို့နှစ်ယောက်ပြန်လွတ်လာတယ်လို့သိရပါတယ်။ သူတို့နဲ့အတူတူဖမ်းထားတဲ့လုပ်ငန်းရှင်တွေလည်း အကုန်ပြန်လွတ်ပါပြီ" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါဖမ်းဆီးခံရသည့် မြို့ခံများပြန်လွတ် မြောက်ရေးအတွက် စစ်ကောင်စီတပ်မှ တာဝန်ရှိသူများကို ငွေကျပ်သိန်းရာနှင့်ချီပေးခဲ့ရကြောင်း မြို့ခံများကြားသတင်းထွက်ပေါ်နေသည်။

 " ဖမ်းခံရပြီးပြန်လွတ်လာတဲ့တစ်ယောက်ဆိုရင် ကျပ်သိန်း ၃၀၀ လောက်ထိပေးခဲ့ရတယ်လို့လည်း သတင်းထွက်နေတယ်။ မိသားစုတွေကလည်း တကယ်လို့ပေးခဲ့ရရင်တောင် ဒီကိစ္စမျိုးထုတ်ပြောဝံ့မှာ မဟုတ်ပါဘူး" ဟု တောင်ကုတ်မြို့ခံ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးကပြောသည်။

ကာယကံရှင်မိသားစုများက ထုတ်ဖော်ပြောဆိုခြင်းမပြု၍ အဆိုပါ သတင်းအား နိရဉ္စရာအနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

သို့သော်လည်း စစ်ကောင်စီတပ်သည် ရခိုင်ရှိ မြို့များမှ ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင်မျာကို အေအေကို ထောက်ပံ့ကူညီသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးလေ့ရှိပြီး ဥပဒေကြောင်းအရ တရားရုံးလည်း မတင်ဘဲ ငွေညစ်ကာ ပြန်လွှတ်လေ့ရှိသည်ဟု သိရသည်။

၎င်းဖြစ်ရပ်များသည် မြောက်ဦး၊ မင်းပြားနှင့် ဘူးသီးတောင်မြို့တို့တွင် ဖြစ်ပွားခဲ့သည်။ စစ်တွေမြို့တွင်မူ သာမာန်အရပ်သားများကို စစ်တပ်က ဖမ်းဆီးပြီး ငွေညစ်မှုများရှိကာ  လွတ်မြောက်ရန် အတွက် စစ်တပ်က အရာရှိများကို တစ်ဦးကို ငွေ တစ်သိန်းမှ ၅ သိန်းထိ ပေးရသည့် ဖြစ်စဉ်များလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ရခိုင်တိုက်ပွဲစတင်ချိန်တွင် စစ်ကောင်စီတပ်အနေဖြင့် ရခိုင်မြို့နယ်များမှ စီးပွားရေးလုပ်ငန်းရှင်များကို AA ကိုထောက်ပံ့ကူညီပေးနေသည်ဟုအကြောင်းပြ၍ ဖမ်းဆီးမှုများ ပြုလုပ်မှုအများအပြားရှိသည်ဟု သိရသည်။(NN-23)

 


ဆက်စပ် သတင်းများ