စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ပလက်ဝ “ခမောင်းဝစခန်း” AA သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.1k

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးတွင်တည်ရှိသည့် ပလက်ဝမြို့နယ်မှ “ခမောင်းဝစခန်း” အား ရက္ခိုင့်တပ်‌တော် (AA)က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

ဇန်နဝါရီလ (၂) ရက်နေ့၊ ည (၁၁:၃၀) အချိန်တွင် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၆၈) ရက်မြောက် တိုက်ပွဲသတင်း ထုတ်ပြန်ချက်အထဲတွင် ၎င်းစခန်းအား သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

“ ပလက်ဝဒေသအတွင်းရှိ “ခမောင်းဝစခန်း” အား ရက္ခိုင့်တပ်‌တော် (AA) သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း” ဖော်ပြထားသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် နီးစပ်သူ တစ်ဦးက ၎င်းခမောင်း၀ စခန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင် (ရွာတော်ခရိုင်) နှင့် ကပ်ရပ်တည်ရှိကာ မြန်မာစစ်တပ်၏ အခိုင်အမာတည်ဆောက်ထားသည့် အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်းပြောဆိုသည်။

၎င်းစခန်းအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်သဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုအထက်မှ စ၍ အိန္ဒိယနယ်စပ်တစ်လျှောက်ကို အေအေက စိုးမိုးလိုက်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် နောက်ထပ် အနည်းငယ်ကျန်ရှိသည့် လက်ကျန် အမာခံစခန်းများဖြစ်သည့် ပလက်၀မြို့နယ်မှ ချင်းလက်ဝစခန်း၊ မီးဝဗျူဟာကုန်းနှင့် ပွိုင့် (၃၁၃) ကုန်းစခန်း ၃ခုကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၎င်းစခန်းများကို သိမ်းပိုက်ရရှိပါက ပလက်၀ ၂၈၉ တပ်ရင်းသည် များမကြာမီ ဝိုင်းပတ်ချေမှုန်းခံသွားရနိုင်သည့် အနေအထားသို့ ရောက်ရှိသွားပြီဟု စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

၎င်းပြင် ရက္ခိုင့်တပ်တော်သည် လက်နက်ချအညံ့မခံသေးသော စခန်းကြီး၊ ငယ်များနှင့် တစ်ဝက် တစ်ပျက် (သို့) အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက် သတ္တတစ်ပတ် အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချ “တောင်ရှည်တောင် ဗျူဟာကုန်း” အားလည်း ရက္ခိုင့်တပ်တော် (AA) မှ အလုံးစုံသိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ  ဇန်နဝါရီ ၂ ရက်နေ့တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းဗျူဟာကုန်း၏ နေရာအများအပြားကို တပ်တော်က လက်ရှိတွင် သိမ်းပိုက်ထားပြီ ဖြစ်ကာ ၎င်းစခန်း အေအေလက်ထဲ မကျရေးအတွက် စစ်ကောင်စီက ဂျက်ဖိုက်တာ (၂) စီးဖြင့် လေကြောင်းမှ ပစ်ခတ်ကာ အပြင်းအထန်ခုခံကာကွယ်နေရသည့်အပြင် ကျောက်တော်အခြေစိုက် တပ်ရင်းများမှလည်း အတွဲလိုက်ဒုံးအမြောက်အမြားသုံးကာ ခုခံကာကွယ်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

၎င်းတင်းမ တောင်ရှည်တောင်ဗျူဟာကုန်းသည် ပလက်၀မြို့နှင့် ကျောက်တော်မြို့အကြားတွင် တည်ရှိပြီး ကျောက်တော်အခြေစိုက် စကခ(၉) ၏ နောက်ကျောကို ကာရန်ထားသည့် အရေးပါသည့် ဗျူဟာကုန်းဖြစ်သဖြင့် အဆိုပါ ဗျူဟာကုန်းကျသွားပါက ကျောက်တော် စကခ(၉) သည် အချိန်မရွေး ချေမှုန်းခံသွားရသည့် အနေအထားရှိနေသည်ဟု ဆိုသည်။  

၎င်းတောင်ရှည်တောင် ဗျူဟာကုန်းသည် တင်းမရွာမှ အပြစ်မဲ့ အရပ်သား ၂၀ ခန့်ကို ၂၀၂၀ ခုနှစ် မတ်လအတွင်း မိသားစုများရှေ့မှ ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းကုန်းပေါ်တွင် လက်စဖျောက်ထားသည့်ဗျူဟာကုန်းလည်းဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့အဖွဲ့အစည်းမှ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ အရေးကြီးသည့် ဗျူဟာကုန်းများဖြစ်ကြသည့်  တရွန်အိုင်၊ နှုံးဗူး၊ ခဝဲအပါအဝင် အိန္ဒိယနယ်စပ်ရှိ မြိတ်၀ စစ်ခန်း၊ ပွိင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ် စခန်းကုန်းများနှင့် လက်ရှိ ခမောင်း၀ စခန်းတို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

၎င်းပြင် စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့ဝင်များကိုလည်း အသက်အသေမခံဘဲ  ပြည်သူ့ရင်ခွင်ထဲ အမြန်ဆုံး ခိုလှုံကြရန် ရက္ခိုင့်တပ်တော်က တိုက်တွန်းလိုက်သည်။

ဆက်စပ် သတင်းများ