စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်လာရာမှ ချောင်းကိုရေကူး၍ ထွက်ပြေးကြစဉ် လူငယ်ကျောင်းဆရာတစ်ဦး ရေနစ်ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာထဲသို့ သေနတ်များ အဆက်မပြတ် ပစ်ခတ်ကာ ဝင်ရောက်လာသဖြင့် ရွာသားများ ထွက်ပြေး ကြစဉ် လူငယ်ကျောင်းဆရာ ၁ ဦးမှာ ချောင်းထဲတွင် ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရွာတွင် စာပြနေသည့် အသက် ၂၃နှစ်အရွယ် ကျောင်းဆရာကိုဇွဲနိုင်ဝင်းဖြစ်သည်ဟု ၏ချီလည်ဖင်း ကျေးရွာမှ အမျိုးသားသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“ မနေ့က မနက် မိုးလင်းစမှာ စစ်သား လေးငါးဆယ်လောက်ရွာထဲကို သေနတ်ပစ်ပြီး ဝင်လာတယ်။ သေနတ်သံတွေ ဆူညံသွားတော့  ရွာသားတွေအကုန်လုံးက အလန့်တကြားနဲ့ ဖြစ်သွားပြီး ထွက်ပြေးကြတယ်။ အဲ့ဒီရွာသားတွေထဲက လူငယ်နှစ်ယောက်က ရွာနောက်ကချောင်းကို လှေမရတော့ လက်နဲ့ ဖြတ်ကူးတယ်။ အဲ့ဒီမှာ တစ်ယောက်က  ချောင်းတစ်ဖက်ကမ်းကို ရောက်ပြီး နောက်တစ်ယောက် ချောင်းလယ်မှာရေနစ်ပြီး ပျောက်ဆုံးနေပါတယ် ”ဟုပြောသည်။

စစ်ကောင်စီတပ် အင်အား  ၅၀ခန့်သည် တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၊ နယ်မြေ ဒေသလည်း မတည်မငြိမ်မရှိပါဘဲ  ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၇ နာရီခန့်က ချီလည်ဖင်း ကျေးရွာထဲကို သေနတ်ပစ်ခတ် ဝင်ရောက်လာခဲ့သည်ဟု လူငယ်တစ်ဦးက ပြောသည်။ 

“ သူတို့မသင်္ကာတဲ့ အိမ်တွေကို ဝင်မွှေသွားတယ်။  သူတို့က ပါဒလိတ်ဖက်က လာတဲ့စစ်သားတွေ။ ပါဒလိတ် တပ်ရင်းက ဖြစ်ဖို့များတယ်။ ဒီဘက်မှာ အေအေက တိုက်ပွဲဖော်တာလည်း မရှိဘူး။ မကြာမကြာ ရွာတွေကိုလာပြီး စစ်သားတွေ အနှောင့်အယှက်ပေးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကိုယ့်အဖို့နဲ့ ကိုယ်အိမ်မှာ နေလို့ ဒီလို သေမယ့်အတူတူကို အေအေထဲဝင်လို့ စစ်တိုက်ပြီး သေရတာကတောင် ကိုယ့်လူမျိုး အတွက် ပိုကောင်းအုံးမယ်” ဟု ပြောသည်

ကိုဇွဲနိုင်ဝင်း၏ အလောင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ထိ ရှာဖွေမတွေ့သေးဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာမရှိ၊ ပြည်သူများ အေးချမ်းစွာနေထိုင်နေသော  ချီလည်ဖင်း ကျေးရွာထဲကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူ ၁ ဦးကျည်စထိမှန် သေဆုံးကာ ကိုရင်တစ်ပါး အပါအဝင်  ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀နာရီခန့်ကလည်း ပါဒလိတ်တပ်ရင်း ၂၃၂ မှ ပစ်ခတ် လိုက်သည့်  လက်နက်ကြီးများသည်  ချီလည်ဖင်းရွာထိပ်တွင်တစ်လုံး၊ရွာလယ်တွင်တစ်လုံးနှင့် ရွာနောက်ဖက်တွင်တစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။  ( NN-11)

ဆက်စပ် သတင်းများ