စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရသေ့တောင်တွင် ကဏန်းသွားနှိုက်ရာမှ မိုင်းနင်းမိ၍ လူငယ် ၁ ဦးခြေထောက်ပြတ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 915

ရသေ့တောင်မြို့တွင် ကဏန်းသွားနှိုက်ရာမှ မိုင်းနင်းမိ၍ လူငယ် ၁ဦး ခြေထောက်ပြတ်သွားကြောင်းသတင်းရရှိသည်။

၎င်းလူငယ်မှာ ရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက် ဘောလုံးကွင်းရွာသစ်မှ  အသက် ၂၃ နှစ်အရွယ် ကိုမောင်ဆန်းလင်းဖြစ်သည်။

၎င်းသည် ယနေ့ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၁နာရီကျော်ခန့်က မယူမြစ်ကမ်းဘေးတွင် ကဏန်းသွားနှိုက်နေစဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်ဟု  ရသေ့တောင်မြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ မိသားစုတွေက စားဝတ်နေရေးကျပ်တည်းကြတော့ ကဏန်းရှာလိုက် ငါးရှာလိုက်နဲ့စားနေကြရတာပါ။ ဒီမနက်က ကဏန်းနှိုက်ဖို့သွားတာ မယူမြစ်ကမ်းဘေး ၅၃၇ စစ်တပ်ရှေ့က မြစ်ကမ်းဘေးမှာပါ။ နှိုက်နေရင်း မိုင်းနင်းမိသွားတာပါ”ဟုပြောသည်။

မိုင်းနင်းမိသည့် ကိုမောင်ဆန်းဝင်းတွင် ညာဖက်ဒူးတစ်ခုလုံးပြတ်ထွက်သွားပြီး မိသားစုမှာလည်း ဆေးကုသဖို့စရိတ်အလွန်တရာ ခက်ခဲနေသည်ဟု မိသားစုဝင်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ ကိုယ့်မြို့ကလူတွေက တတ်နိုင်သလောက်ကူညီပေးကြတယ်။သူတို့လည်း အကျပ်အတည်းရှိတော့ သိပ်မနိုင်တော့ဘူး။ဟိုတနေ့ကလည်း တစ်ယောက် ခြေထောက်ပြတ်သွားတယ် စားဝတ်နေရေးတောင် ငတ်တလှည့်မွတ်တစ်လှည့် နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ဆေးကုသဖို့ စရိတ်တွေ အရမ်းခက်ခဲပါတယ်” ဟုပြောသည်။

‌ပြီးခဲ့သည် ဇန်နဝါရီ ၁ ရက်နေ့ကလည်း  ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ အသက် ( ၅၇)နှစ် အရွယ် ဦးကိုးလမှာလည်း စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့သည်။

ရခိုင်ပြည်တွင် ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ မြေမြုပ်မိုင်း‌ နင်းမိ၍ သေဆုံးသူ ၇၆ ယောက်နှင့် ၂၀၂၃ ခုနှစ်တွင် ၈ယောက်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ