စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

တိုင်းရင်းသားဒေသများကို လက်နက်ဆန်းများဖြင့် ဗုံးကြဲမည်ဟု စစ်ကောင်စီကပြောဆိုခြင်းမှာ စစ်အာဏာရှင်များ၏ ဝသီအတိုင်းခြိမ်းခြောက်ခြင်းဟု ရခိုင်နိုင်ငံရေးသမားများဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

တိုင်းရင်းသားဒေသများကို စစ်ရေးနည်းနှင့် တိုက်ယူနိုင်ခဲ့လျှင်လည်း လက်နက်ဆန်းများအသုံးပြုကာ လေကြောင်းမှ အမြဲတမ်း ဗုံးကြဲနေမည်ဟု ပြောဆိုခြင်းမှာ စစ်အာဏာရှင်များ၏ ဝသီအတိုင်း ခြိမ်းခြောက်ခြင်းဟု ရခိုင်နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်က "မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်း သာယာမှာမဟုတ်ဘူးငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်း ဗုံးကြဲနေမှာပဲ"ဟု  ပြောကြားခဲ့ကြောင်း တအာင်းတပ်မတော် TNLA အထွေထွေ အတွင်းရေးမှူး တားဘုန်းကျော်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇန်နဝါရီ ၁ ရက်က ရေးသားမျှဝေခဲ့သည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှ ရခိုင်နိုင်ငံရေးသမားများကို မေးမြန်းရာတွင် ထိုသို့ တုံ့ပြန်ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက "ဒီလိုအချိန်အခါမျိုးမှာ ဖိအားပေးပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို သူတို့ဘက် ပါလာအောင် ခြိမ်းခြောက်တယ်။ အမှန်တကယ်လည်း လုပ်နိုင်တဲ့ အခြေအနေမျိုးလည်းရှိတယ်။ စကားထဲက ဇာတိပြတာပေါ့။ ဒီလိုအခြေအနေမှာ အခုလိုပြောတာဟာ လက်တွေ့မကျဘူး။ သူတို့ပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းပြည်ကို ချစ်တဲ့ စိတ်ဓာတ်က စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ပိုပြီး အယုံအကြည်မဲ့သွားနိုင်တယ်။ စစ်ဝါဒီတွေပီပီ လုပ်လို့မရရင် ရတဲ့နည်းနဲ့ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပုံစံပဲဖြစ်တဲ့ အတွက် တိုင်းရင်းသားတွေ အနေနဲ့လည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ ပြောဆိုချက်အပေါ် မှတ်တမ်းဆိုးအနေနဲ့ ကျန်ခဲ့လိမ့်မယ်လို့ပဲ ပြောချင်ပါတယ်" ဟု ဆိုသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ပြင်းထန်နေသည့် စစ်ရေးအရှိန်လျော့ချရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ၂၀၂၃ ခုနှစ်၊  ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ‌၃ ရက်ကြာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တစ်ပတ်ခန့်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် TNLA အထွေထွေအတွင်းရေးမှူး တားဘုန်းကျော် " NSPNC - အတွင်းရေးမှူး ရဲ့ တိုင်းရင်းသားနဲ့တိုင်းပြည်အပေါ် စေတနာ" ဟု ခေါင်းစဉ်တပ်ပြီး  ကူမင်းတွေ့ဆုံပွဲ ဆွေးနွေးညှိနှိုင်းမှု အကျပ်အတည်းတွင် ပြောကြားခဲ့သည့် အမှတ်တရစကားဟုဆိုကာ မျှဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တက်‌ရောက်ပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ်မတော်(TNLA )နှင့် ရက္ခိုင့်တပ်တော် (AA )တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်မှ အမည်မဖော်လိုသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက "ကျနော်တို့လည်း ကြားပါတယ်။ စစ်ရေးလျော့ချဖို့၊ အပစ်ရပ်ဖို့ပေါ့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲကာလမှာရော လက်ရှိကာလမှာပါ တိုက်ပွဲတွေက ပြင်းထန်နေတာ တွေ့ရတယ်။ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးတာဟာလည်း ရခိုင်အပါအဝင် နေရာအနှံ့မှာ တွေ့ရမြင်ရပါတယ်။ စစ်ကောင်စီကတော့ ထုတ်ပြောတာနဲ့ မပြောတာပဲကွာတယ်။ သူက မိုက်မိုက်ကန်းကန်းတွေဆက်လုပ်နေမှာပဲ။ သူ့မှာ ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ အခု ဗိုလ်ချုပ်ကြီးမင်းနိုင်ရဲ့ စကားကတော့ သက်သေပဲပေါ့။ သူတို့ဘယ်လောက်ထိ မိုက်ရိုင်းယုတ်မာလဲဆိုတာကိုပြောင်ပြောင်တင်းတင်း ထုတ်ပြောတယ်လို့ပဲ မြင်ပါတယ်"ဟု ပြောသည်။

လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံအနှံ့တွင် စစ်ရေးအရှိန် လျော့သွားခြင်းမရှိဘဲ တိုက်ပွဲပြင်းထန် နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ မပြတ်ဆောင်ရွက်နေကာ  အရပ်သားထိခိုက်သေဆုံးမှုများလည်း နေ့စဥ် တွေ့မြင်နေရခြင်းမှာ  ဗိုလ်ချုပ်ကြီး မင်းနိုင်ရဲ့  စကားအတိုင်း ဆောင်ရွက်နေခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ‌၃ ရက်ကြာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ၊ မြောက်ပိုင်းတွင်အပြင်းအထန်ဖြစ်ပွါးနေသည့် စစ်ရေးအရှိန်လျှော့ချရေး နှင့် မြောက်ပိုင်းမှတခြားဒေသများသို့ စစ်ဘောင်မကျယ်စေရေး ဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ဟု အေအေနှင့် နီးစပ်သူတစ်ဦးကပြောသည်

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ ‌၃ ရက်ကြာ ကူမင်းမြို့ရှိ တရုတ်အစိုးရရဲ့ ဟိုင်ဂင်ဟော်တယ်မှာ ပြုလုပ်ခဲ့သော်လည်း ခိုင်မာသည့်သဘောတူညီချက်မရရှိခဲ့သည့်အတွက် ဒုတိယအကြိမ် ‌၃ ရက်ကြာ ဆက်လက်တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ (NN-7) 

ဆက်စပ် သတင်းများ