တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရသေ့တောင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေစိုးချောင်းဗျူဟာမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စစ်ဘေးရှောင် တက္ကသိုလ်တက်မည့် ကျောင်းသူတစ်ဦးသေဆုံး


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရသေ့တောင်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ ရေစိုးချောင်း ဗျူဟာမှ ယနေ့ည ၈ နာရီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ခရုချောင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် တက္ကသိုလ်တက်မည့် ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ ခရုချောင်းကျေးရွာတွင် လာရောက် စစ်ဘေးရှောင်နေသော တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၂ ဘာသာဖြင့် အောင်မြင်ထားသည့် အသက် ၁၈ နှစ်အရွယ် မစုမြတ်ခိုင် (ဘ) ဦးမောင်သန်းနိုင်ဖြစ်သည်။

သူမသည် ယနေ့ည ၈ နာရီက ရေစိုးချောင်းဗျူဟာမှ ပစ်သည့် လက်နက်ကြီးကျည်သည့် ၎င်းနေထိုင်ရာအိမ်အနီးသို့ ကျရောက်ပေါက်ကွဲစဉ် နောက်ကျောကုန်းသို့ လက်နက်ကြီး ကျည်စထိမှန်သေဆုံးသွားခြင်းဖြစ်သည်။

" ကျပြီးသုံးမိနစ်လောက်ပဲ ခံလိုက်တယ်။ စစ်ဘေးရှောင်လာပါတယ်ဆိုမှ လက်နက်ကြီးကျလို့ သေသွားရတယ်။ မိသားစုမှာလည်းသမီးနှစ်ယောက်ပဲရှိတာ။ ဒီကေလးက ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာနဲ့အောင်ထားတာ။ နှမြောစရာကောင်းတယ်" ဟု ၎င်းနှင့်ဆွေမျိုးတော်စပ်သူ တစ်ဦးကပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ရှိ အခြားလူအနည်းငယ်မှာလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ ရေစိုးချောင်းဗျူဟာသည် ယင်းအနီးအနားတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဒေသခံပြည်သူများ နေထိုင်ရာအရပ်များသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တကျော့ပြန်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို့ ယနေ့အထိ အရပ်သားသေဆုံးမှု ၅၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ကျော်အထိ ရှိလာနေကြောင်း သိရသည်။(NN-8)

ပုံစာ- လက်နက်ကြီးကျည်ထိမှန်၍ ကွယ်လွန်ခဲ့ရသည့် မစုမြတ်။

 

ဆက်စပ် သတင်းများ