ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့်စစ်ဘေးရှောင်အချို့တွင် ဆန်ရိက္ခာပြတ်လပ်နေပြီဟု စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့်နှစ်နိုဝင်ဘာလ ၁၆ ရက် ပေါက်တောမြို့ပေါ်တွင်ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲကြောင့် ဒေသခံသောင်းနှင့်ချီပြီး ဘေးလွှတ်ရာ ကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။
ထိုသို့တိမ်းရှောင်နေကြရသည့်စစ်ဘေးရှောင်အချို့သည် ဒေသအတွင်းလူမှုကူညီရေး အဖွဲ့များ၏ အကူအညီများဖြင့်ယာယီစစ်ဘေးရှောင်နေရာများတွင် နေထိုင်လျက်ရှိရာ လက်ရှိတွင် ဆန်ရိက္ခာများပြတ်လပ်နေပြီးထမင်းငတ်လုနီးပါးဖြစ်နေပြီဟု ပေါက်တောမြို့နယ်မှစစ်ဘေးရှောင်တစ်ဦးကပြောသည်။
"မနက်ဖြန်အတွက် ဆန်မရှိတော့ဘူး။ ကူညီတဲ့အဖွဲ့တွေက ဆန်ထောက်ပံ့ပေးတာပါ။ အခုဆန်ရိက္ခာတွေလည်း ကုန်သွားပါပြီ။ ဆီ၊ ဆား၊ ငရုတ်တွေ ကေတာ့ကိုယ့်ဘာသာရှာ စားကြတာပါ။ဆန်တွေက ဈေးတက်နေတော့ဝယ်စားဖို့ကလည်း အဆင်မပြေဘူး။ နောက်နေ့တွေ ဆန်မလာရင် ထမင်းငတ်ပါတော့မယ်" ဟုပြောသည်။
လက်ရှိတွင်ပေါက်တောမြို့နယ်က စစ်ဘေးရှောင်များသည်ကျေးရွာအသီးသီးရှိ ဘုန်းကြီးကျောင်းများ၊ အသိမိတ်ဆွေ ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြရပြီးအဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် စစ်ဘေးရှောင်လာကြသူများဖြစ်သည့်အလျောက်စားနပ်ရိက္ခာများလည်း သယ်ဆောင်လာနိုင်ခြင်း မရှိကြဟုဆိုသည်။
ထို့အပြင်စစ်ဘေးရှောင်ကာလမှာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်သဖြင့် ဆက်လက် ရပ်တည်နိုင်ရေးအတွက်စားနပ်ရိက္ခာအကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
"အကူအညီတွေက လိုနေပါသေးတယ်။အရင်လိုအိမ်ပြန်လို့လည်းမရသေးဘူး။ အခြားဟာတွေထက်စာရင်ဆန်တစ်ခုရရင်လည်း ထမင်းနဲ့ဆားလူးပြီး စားနိုင်ပါတယ်။ အသိအိမ်တွေမှာအတူနေရရင်လည်း အခုအချိန်အားလုံးကခက်ခဲနေကြတာဆိုတော့ မစားရက်မသောက်ရက်ကြတော့ပါဘူး"ဟုပြောသည်။
ထို့အပြင်ဆယ်နှစ်အောက်ကလေးသူငယ်အချို့မှာလည်း အာဟာ၇ပြည့်၀စွာမစားသုံးရသဖြင့်အာဟာရချို့တဲ့မှုများဖြစ်နေကြသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူများကပြောသည်။
ပေါက်တောမြို့နယ်မှစစ်ဘေးရှောင်များသည် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြရသည်မှာနှစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး မြို့ပေါ်တွင် အေအေနှင့်စစ်တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာစစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသေးသဖြင့်နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။
လက်ရှိရခိုင်ပြည်တွင် တိုက်ပွဲများကြောင့်ရမ်းဗြဲ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မောင်တောအစရှိသည့်မြို့နယ်များမှ ဒေသခံ သုံးသိန်းကျော်စစ်ဘေးရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှသိ၇သည်။
(NN-8)