စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍  အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၂၅ နှစ်အရွယ် ကိုမောင်မျိုးဝင်း၊ အသက် ၃၁ နှစ်အရွယ် မဦးအေးသန်း နှင့် အသက် ၂၇ အရွယ် မဦးဝင်းသာတို့ဖြစ်ကြောင်းသိရသည်။

ဒေသခံတစ်ဦးက " လက်နက်ကြီးရမ်းသန်းပစ်လို့ ရွာထဲကို ၂ လုံးကျတယ်။ ရွာပြင် ၃ လုံးကျတယ်။ ရွာထဲကိုကျတော့ လက်နက်ကြီးအစတွေကျမှန်လို့ သုံးယောက် ဒဏ်ရာရတယ်။ ခန္ဓာကိုယ်တွေမှာပေါ့။ ဒဏ်ရာက သိပ်မပြင်းပေမဲ့ ဆေးကုခံနေရတယ် " ဟုပြောသည်။

ဒဏ်ရာရရှိသူများမှာ အနီးအနားကရွာများတွင် ဆေးကုသခံနေရကြောင်း သူကပြောသည်။

ယနေ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၄ ကျော်မှစတင်၍ ညနေ ၅ နာရီခွဲခန့်အထိ စစ်တွေမြို့ အမှတ် (၁၂) လုံထိန်းတပ်ရင်းမှ လက်နက်ကြီးအလုံး ၁၀ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း စစ်တွေမြို့ခံတစ်ဦးကပြောသည်။

" လက်နက်ကြီးပစ်တာက ဝါဘိုဘက်၊ စပါးထားဘက်ကို ပစ်တယ်လို့ကြားတယ်။ ပြီးရင် ပေါက်တောဘက်။ ၁၀ လုံးလောက်ပစ်ခဲ့တယ်။ အခုတော့ ထပ်မပစ်ဘူး " ဟုပြောသည်။

ထိုသို့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးထဲမှ ၅ လုံးသည် ပေါက်တောမြို့နယ်သို့ ကျရောက်ပြီး၊ ထို ၅ လုံးအနက် ၂ လုံးသည် တောင်ဖူးကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ (NN-13)

ဆက်စပ် သတင်းများ