(မိသားစုဝင်အားလုံး စုစုပေါင်း၁၆၀၁ ဦး လည်း ပါဝင်ခဲ့)
လောက်ကိုင်တွင် စစ်ကောင်စီတပ်မှဗိုလ်မှူးချုပ်အဆင့်ရှိသူ(၆) ဦးအပါဝင် အရာရှိ (၂၂၈) ဦး ပါဝင်သောတပ်ဖွဲ့ဝင် ၂၃၈၉ ဦး လက်နက်ချအညံ့ခံခဲ့ကြသည်ဟု ညီနောင် သုံးဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတို့နှင့် အတူ မိသားစုဝင်အားလုံးစုစုပေါင်း (၁၆၀၁) ဦးလည်း ပါဝင်ခဲ့သည်။ သို့အတွက်စုစုပေါင်း လက်နက်ချသော အရေအတွက်သည် စုစုပေါင်း ၃၉၉၀ ရှိသည်ဟု သိ၇သည်။
လောက်ကိုင်တွင် လက်နက်ချသူများအထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ (၆) ဦးပါဝင်သော အရာရှိ ၂၂၈ ဦးနှင့် တပ်ဖွဲ့ဝင် ၁၈၉၅ ဦး၊ ပွိုင့် (၂၀၂၂)ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”မှ နောက်ဆုံးအသုတ်လက်နက်ချသူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၆၆) ဦး၊ အားလုံးပေါင်းလျှင် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ(၂၃၈၉) ဦးရှိသည်ဟု ဖော်ပြသည်။
၎င်းလက်နက်ချမှုမှာ ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏နောက်ဆုံး ထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့အနေဖြင့် ၎င်းတို့အားလုံးကို၎င်းတို့သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားခဲ့ပြီလည်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိလောက်ကိုင်မြို့ကိုဇန်နဝါရီ ၄ ရက် နေ့ညနေပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်နိုင်ခဲ့ပြီးအလုံးစုံ ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်ဟုသိ၇သည်။
လောက်ကိုင်တွင်နောက်ဆုံးတစ်ခုတည်းသာကျန်တော့သည့်စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)မှ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့်တပ်ရင်းတစ်ခုလုံးသည် MNDAA ထံလက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟု နီးစပ်သူတစ်ဦးကပြောသည်။
၎င်းက “လောက်ကိုင် ဒကစကအကြီးဆုံးစခန်းပဲ။ ခုသူတို့က ဆွေးနွေးညှိနှိုင်းပြီးတော့ လားရှိုးဘက်ကိုပို့ပေးဖို့တောင်းဆိုတယ်ပြောတယ်။ ဒါကြောင့် လက်နက်ချပြီးတော့ စစ်ကောင်စီတွေကို MNDAAက ကားတွေနဲ့လားရှိုးဖက်ကို ပို့လိုက်ပါပြီ” ဟုဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၅) ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲ့ဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင်၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှ “ခွေးတစ်ကောင်၊ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။ဤမြင်ကွင်းမှာ “မြန်မာ့တပ်မတော်”ဟုခေါ်သောစစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယနေ့လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) အားစစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့သည်ဟု သိ၇သည်။