ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ထိမှန်၍ ရန်ကုန်က အလုပ်လာလုပ်သူ ကဏန်းဒိုင်ကားဒရိုင်ဘာ ၁ဦးသေဆုံး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

စစ်တွေ ပါဒလိတ်တပ်ရင်း ( ၂၃၂)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ယနေ့ ဇန်နဝါရီ ၆ရက်နေ့ နံနက် ၅ နာရီခန့်က ပုဏ္ဏားကျွန်းမြို့၊ မင်း‌ချောင်းတံတားအဆင်းရှိ နေကြာပန်း ကဏန်းဒိုင်တွင် ကျရောက်ပေါက်ကွဲခဲ့၍ ရန်ကုန်မှ ကအလုပ်လာလုပ်သူ ကဏန်းဒိုင်ကားဒရိုင်ဘာ တစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။ 

သေဆုံးသွားသူမှာ ရန်ကုန်တိုင်း‌ဒေသကြီး၊တာမွေမြို့နယ်မှဦးမောင်စိုး အသက်(၆၃)နှစ်ဖြစ်သည်ဟု  ကွမ်းတောင်ရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ လက်နက်ကြီးက ဒီမနက် သုံးလုံးပစ်တယ်။ တစ်လုံးကတော့လူကိုထိတယ်။ နောက် နှစ်လုံးက အဲ့ဒီ အနီးဝန်းကျင်မှာဘဲကျတယ်။ ခုသေတဲ့သူက ရန်ကုန်ကပါ။ ဒီကဏန်းဒိုင်မှာ ကားမောင်နေတဲ့သူပါ။ လက်နက်ကြီး ပစ်သံကြားလို့ အိပ်နေရာကနေ တခြားတစ်နေရာကိုပြောင်းနေတုန်းမှာ လက်နက်ကြီး ကျည်စ ထိသွားတာပါ။ ညာဖက်ပေါင်ရင်းနားမှာထိပြီး သွေးထွက်လွန်ပြီးသေသွားတာ” ဟုပြောသည်

လက်ရှိတွင် သူ့၏ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ကျေးရွာတွင် သင်္ဂြိုလ်ပေးသွားမည်ဟု ကွမ်းတောင်ကျေးရွာဒေသခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ သူ့ရုပ်အလောင်းကိုကျနော်တို့သွားယူနေပါတယ်။ ဒီမှာသင်္ဂြိုလ်ပေးဖို့စီစဥ်ထားပါတယ်”ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ကျေးရွာသားများထောင်နှင့်ချီပြီးလည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မည်ကိုစိုးရိမ်သဖြင့် ပြီးခဲ့သည့်ဇန်နဝါရီ ၄ ရက်နေ့ ညကတည်းက ပင်ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက် ထားသောကြောင့် ရခိုင်မှ ကျေးရွာအချို့ သတိထား နေထိုင်ကြရန် ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

၎င်းကျေးရွာများအထဲတွင် စစ်တွေမြို့နယ်အထဲမှ ဝါဘို၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စပါးထား၊ ညိုရောင်ချောင်း၊ ကွမ်းတောင်၊ အိုင်ဒင် အစရှိသောရွာများ ပါဝင်သည်။(NN-11)

ဆက်စပ် သတင်းများ