စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တရုတ်နှင့် တပ်မိသားစုဝင်များကိုထောက်ထားပြီး လောက်ကိုင်တွင်လက်နက်ချရခြင်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.2k

လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ထောင်နှင့်ချီပြီးလက်နက်ချအညံ့ခံလိုက်ရခြင်းမှာ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် တပ်မတော်သား မိသားစုဝင်များလုံခြုံရေးကို ဦးစားပေးစဥ်းစားခဲ့၍ဖြစ်ကြောသ်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းကပြောဆိုလိုက်သည်

လောက်ကိုင်(ဒကစ)တခုလုံး လက်နက်ချအညံ့ခံ လိုက်ရသည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခဲ့ကြောင်း စစ်တပ်သတင်းများကို အသားပေး ရေးသားဖော်ပြသည့် Popular News တွင်ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "တပ်မတော် အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဥ်းစားခဲ့ပါတယ်။ စဥ်းစားခဲ့တဲ့နေ ရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဥ်းစားခဲ့ပါတယ်" ဟု ပြောဆိုထားသည်။

ဆက်လက်ပြီး ၎င်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ဖိအားပေးမှုများနှင့်လည်း ကြုံနေရပြီး အဆိုပါ အခြေအနေတွင် တရုတ် - မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားကာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုသေးသည်။

" အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီးဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။

လောက်ကိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် အဖက်ဖက်မှ စဉ်းစားခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြောင်းလည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

"တပ်မတော် အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ (၇၆) နှစ် ရှိပြီး မြန်မာနိုင်ငံ မတိုးတက်တာတွေဟာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆိုတာသိသာတယ်။ ဒါကြောင့်ဒီလက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးကို ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လောက်ကိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် တပ်ရင်း တစ်ခုလုံးသည် ဇန်နဝါရီလ ၄ ရက်က MNDAA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားသည်။

လောက်ကိုင်တွင် လက်နက်ချသူများအထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ (၆) ဦးပါဝင်သော အရာရှိ ၂၂၈ ဦးနှင့် တပ်ဖွဲ့ဝင် ၁၈၉၅ ဦး၊ ပွိုင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် နမ်ထင်းမိန်ရှန်းမှ နောက်ဆုံးအသုတ် လက်နက်ချသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦး၊ အားလုံးပေါင်းလျှင် လက်နက်ချအလင်းဝင်သူ တပ်ဖွဲ့ဝင် စုစုပေါင်းမှာ (၂၃၈၉) ဦးရှိသည်ဟု ဖော်ပြသည်။

တပ်မိသားစုဝင်များနှင့်ပေါင်းလျှင် လက်နက်ချအလင်းဝင်သူအရေအတွက်မှာ ၃၉၉၀ ခန့်ရှိကြောင်းဆိုသည်။

၎င်းတို့အားလုံးကို ၎င်းတို့သွားလိုသည့်နေရာနှင့် လုံခြုံသော နေရာသို့ ပို့ဆောင်ထား ခဲ့ပြီလည်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။NN-23/ Photu-MSS

ဆက်စပ် သတင်းများ