စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်တွင် မြေမြုပ်မိုင်းပေါက်ကွဲ၍ ကတက်ဦးတူးနေသည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် မြေမြုပ်မိုင်း ပေါက်ကွဲ၍ ကတက်ဦး(သင်္ဘောဥ) တူးနေသည့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး  ခြေထောက်နှစ်ဖက်၌  ပြင်းထန် ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ညောင်ပင်လှကျေးရွာမှ ‌ဒေါ်မကျော်သိန်းအသက် ၅၉နှစ်ဖြစ်သည်။

သူမအား လက်ရှိတွင် ကျောက်တော်မြို့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု ကျောက်တော်မြို့ခံ တစ်ဦးက နိရဉ္စရာကိုပြောသည်

“ခြေထောက်မှာလည်းပြင်းထန်တယ်။ ဝမ်းဗိုက်လည်းပေါက်သွားတယ်။ ဆေးကုသဖို့လည်း ပိုက်ဆံ လိုအပ်နေပါတယ်” ဟုပြောသည်။

သူမသည် ယနေ့ဇန်နဝါရီ ၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ကျောက်တော်မြို့နယ်၊ လမ်းမတော်အုပ်စု သကြားစက်၏ အရှေ့တောင်ဖက်တွင် တည်ရှိသည့် ဒေသအခေါ်ဝေါ် အာထည့် တောင်ခြေရင်းတွင် ကတက်ဦးသွားတူးရန် သွားရောက်စဉ် မိုင်းနင်းမိခဲ့သည်ဟု ပြောကြားသည်။

“ အဲ့ဒီတောင်မှာ လွန်ခဲ့တဲ့ လေး ရက်လောက်က စစ်သားတွေသွားလာတာမျိုးရှိခဲ့တယ်။ မိသားစု စားဝတ်နေရေးကျပ်တည်းလို့ ကတက်ဦး တူးစားရတာပါ။ အရမ်းသနားဖို့ကောင်းပါတယ်။ အသက်ကလည်း ကြီးနေပြီ။ အဲ့တောင်ခြေရင်းဖက်က မြောင်းနားလေးမှာ ကတက်ဦး တူးနေရင်းနဲ့ မိုင်းကိုနင်းမိလို့ ညာဖက်ခြေထောက်က တစ်ခါထဲပြတ်သွားတယ်။ ဘယ်ဖက် ခြေထောက်လည်း ဖြတ်ရမယ့်အနေထားရှိပါတယ်” ဟုပြောသည်။

 ယနေ့ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၂နာရီကလည်း ကျောက်တော်မြို့ ကစ္ဆပနဒီတံတား အဆင်း ရန်ကုန်-စစ်တွေအာရှလမ်းမကြီးပေါ်တွင်ထောင်ထားသည့် စစ်ကောင်စီ၏မိုင်းကိုနင်းမိ၍ ပိုက်သည်ရပ်ကွက်မှ ပိုင်ရှင်ဦးမာမိုးရကီး၏ နွားတစ်ကောင်တွင်လည်း ခြေထောက်နှစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် ဇန်နဝါရီ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ မိုင်းနင်းမိ၍ဒဏ်ရာရရှိသူ ၃ ဦးအထိရှိလာခဲ့ပြီဟု သိရသည်။(NN-11)

ဆက်စပ် သတင်းများ