Preview

ပလက်၀မြို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ နေ့ရောညပါ တိုက်ပွဲပြင်းထန်နေ

ဇန်နဝါရီ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :2156
ရခိုင် သတင်း

ချင်းပြည်နယ်၊ပလက်၀မြို့နှင့် အနီးတဝိုက်တောင်တန်းများတွင်တည်ရှိသည့် စစ်ကောင်စီတပ် ကာကင်းများကို ရက္ခိုင့်တပ်တော်(AA) ကတိုက်ခိုက်နေသဖြင့်တိုက်ပွဲများမှာ နေ့ရောညပါပြင်းထန် ဖြစ်ပွားနေကြောင်းပလက်၀မြို့ခံများက ပြောသည်။

ယနေ့ဇန်နဝါရီလ၆ ရက်မနက်ပိုင်းကပင် ပလက်၀မြို့အနောက်ဘက် ရေတံခွန်တောင်တန်းနှင့် ပလက်၀မြို့အရှေ့ဘက်မီးလက်၀တောင်တန်းနှင့် TV တောင်တို့တန်းတွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပလက်၀မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

" တိုက်ပွဲဆက်တိုက်ကိုဖြစ်နေတာ။ ညလည်းတစ်ညလုံးလိုလိုတိုက်ပွဲဖြစ်တယ်။အခုမနက်ပိုင်းကပဲ အခုအချိန်ထိတိုက်ပွဲပြင်းထန်နေတယ်" ဟု ယနေ့ ဇန်နဝါနေ့လယ် ၁ နာရီအချိန်နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ပလက်၀မြို့ခံတစ်ဦးက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့်တောင်တန်းများတွင်စစ်ကောင်စီတပ်ကာကင်းများရှိပြီး အဆိုပါ ကာကင်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းပလက်၀မြို့ခံများက ပြောသည်။

" အခုဖြစ်နေတဲ့နေရာတွေမှာက မြို့ပေါ်တပ်ရင်းစစ်ဌာနချုပ်  စစ်တပ်ကာကင်းတွေရှိတယ်။ တိုက်ပွဲက အတော်ပြင်းနေတယ်။ကာကင်းတွေကို AA ကဝင်တိုက်တာနဲ့တူတယ်" ဟု ပလက်၀မြို့ခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားရာတောင်တန်းများသို့ပလက်၀အခြေစိုက် စစ်ကောင်စီ ခမ၇ (၂၈၉) တပ်ရင်း ဌာနချုပ်က နေ့ရောညပါ လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးနေသလိုယမန်နေ့  မိုးထပိုင်းတွင် ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ပြီး ယနေ့ ညနေပိုင်း၌ ဒရုန်းဖြင့်တိုက်ခိုက်နေသည်ဟု ပလက်၀မြို့ခံများကပြောသည်။

ပလက်၀မြို့အနီးမီးလက်၀တောင်မှ စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီလ ၃ ရက်လောက်ကပင်ထိုးစစ်ဆင်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ လက်ရှိ အချိန်ထိမြို့အနီးရှိ တပ်စခန်းများကို သိမ်းပိုက်ခြင်းရှိ/မရှိကို မသိ၇သေးကြောင်း ပလက်၀မြို့ခံများက ပြောသည်။

ပလက်၀ဒေသရှိစစ်ကောင်စီ၏ တပ်စခန်းတစ်ခုမျှမကျန် အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတို့ကြားနှစ်ဘက်အပြန်အလှန်တိုက်ပွဲများနှင့်အတူတိုက်ပွဲအရှိန် သည်လည်း ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ဇန်နဝါရီ၅ ရက်နေ့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်AA ကပလက်၀ဒေသနှင့် ရခိုင်ပြည်အတွင်းရှိ  စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့၊ တပ်စခန်းများနှင့် ဗျူဟာကုန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်မည်ဟုဇန်နဝါရီလ ၃ ရက် ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပလက်၀ဒေသတွင်သိမ်းပိုက်ရန်ကျန်ရှိနေသောစခန်းများမှာ ခလ၇- ၂၃၃၊ ခမ၇- ၃၇၄၊ ခမ၇- ၃၇၆၊ ခမ၇- ၃၀၈၊ ခမ၇-၂၁၁၊ ခမ၇- ၂၁ရ၊ ခလ၇- ၂၈၉နှင့် ခမ၇- ၂၂၀ တို့ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထား သည်။(NN-23)

#စစ်ကောင်စီတပ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.